သာသနာ့ဝန်ထမ်း၊ စစ်မှုထမ်းများနှင့်ပတ်သက်၌ ဟောပြောမဲဆွယ် မလုပ်ရန် SNLD ထုတ်ပြန်
DVB
·
September 24, 2020
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာမှာ သာသနာ့ဝန်ထမ်းတွေ၊ စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဟောပြောတာတွေ မပြုလုပ်ဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ပါတီရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အသိပေး ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၃ ရက် နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ပြိုင်ဘက်ပါတီ ကိုယ်စားလှယ်လောင်းတွေအကြောင်း မပြောဖို့ ဘာသာရေး လူမျိုးရေးခွဲခြား ဆက်ဆံ ဟောပြောတာမျိုးမလုပ်ဖို့ အပါအဝင် ကျန်းမာရေး လမ်းညွှန်ချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေထုတ်ပြန်ညွှန်ကြားချက်တွေကို အတိအကျလိုက်နာဖို့လည်း အကြံပြု တိုက်တွန်းထားပါတယ်။
SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က “ သာသနာ့ဝန်ထမ်းတွေ မဲပေးခြင်း မပေးခြင်း ကိစ္စရပ်တွေဟာ ပြီးခဲ့တဲ့ အခြေနေတုန်းက ဝင်ရောက်စွက်ဖက်ပြောဆိုခဲ့တာတွေရှိခဲ့ပြီး သာသနာ့ဝန်ထမ်းတွေရဲ့ နာမည် အသုံးပြုပြီး မဲရရှိအောင် လုပ်ဆောင်ခဲ့ဖူးတဲ့ သာဓကတွေကို တွေ့မြင်ခဲ့ရတဲ့အတွက် မိမိတို့ပါတီအနေနဲ့ အလားတူကိစ္စမျိုးမပေါ်ပေါက်အောင် တားမြစ်တာဖြစ်ပြီး စစ်မှုထမ်းအချက်လက်နဲ့ပတ်သက်လို့ တပ်မတော်သားချည်းပဲကို ရည်ညွှန်းတာမဟုတ်ပဲ ဒေသဆိုင်ရာအသီးသီးမှာရှိတဲ့ လက်နက်ကိုင်တွေ အနေနဲ့ ငြိမ်းချမ်းရေး ရယူထားပြီးမှ သူတို့ယုံကြည်ရာအလိုက် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတဲ့အတွက် ဥပဒေနဲ့ ငြိစွန်းမှာစိုးလို့ အခုလို ရှောင်ရှားနိုင်အောင် တားမြစ်ထားတာဖြစ်တယ်” လို့ ပြောပါတယ်။
SNLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ ပြည်နယ်လွှတ်တော် ၇၉ နေရာအတွက် မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
သတင်း - နန်းစံပါယ်