နိုင်ငံပိုင်မီဒီယာမှတဆင့် မဲဆွယ်ဟောပြောမည်မဟုတ်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပြော
ပိုင်စိုး
·
September 9, 2020
မဲဆွယ်ဟောပြောခွင့်အတွက်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မကြိုက်လို့ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေတဆင့် ဟောပြောမဲဆွယ်တာ မလုပ်တော့ဘူးလို့ အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP) က ပြောပါတယ်။
မြန်မာ့အသံ ရေဒီယိုနှင့် ရုပ်မြင်သံကြားကနေ ဟောပြောခွင့်အတွက် နိုင်ငံရေးပါတီတွေလိုက်နာရမယ့် ညွှန်ကြားချက်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာယူဆပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မညီညွတ်ဘူးလို့လည်း ပါတီကနေ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ပါတီ ဒုဥက္ကဋ္ဌ ဦးသန်းထွန်းက “စည်းကမ်းသတ်မှတ်ထားတာတွေက ဘဝင်မကျစရာတွေ ဖြစ်နေတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေတာ ဆိုတာမျိုးတွေ၊ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတာမျိုးတွေ ပါခဲ့ရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာက ရပ်ဆိုင်းနိုင်တယ် ဆိုတဲ့အထိပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ ပကတိအဖြစ်တရားတွေပြောမယ်ဆိုရင် ပါတီဖျက်သိမ်းခံရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် အခုလို မပြောဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါတယ်။
မဲဆွယ်ကာလစတင်နေပြီဖြစ်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေ မဲဆွယ်စည်းရုံးဟောပြောမှုတွေ စတင်ပြုလုပ်နေပြီး အွန်လိုင်းနဲ့ နိုင်ငံပိုင်သတင်းစာတွေကနေလည်း ဖော်ပြပေးနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကလည်း အလားတူ လုပ်ဆောင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွှန့် ခေါင်းဆောင်တဲ့ NNDP ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ ၂ နေရာ၊ မင်္ဂလာဒုံမြို့နယ်မှာ တနေရာဝင်ပြိုင်ဖို့ စီစဉ်ထားပြီး အဲဒီမြို့နယ်တွေဟာ Stay at Home သတ်မှတ်ထားတာကြောင့် လှည့်လည် မဲဆွယ်တာ၊ အိမ်တိုင်ရာရောက် မဲဆွယ်တာတွေ လုပ်လို့ မရပါဘူး။
ဒါကြောင့် လတ်တလောမှာတော့ မဲဆွယ်စည်းရုံးတဲ့ပုံစံမဟုတ်ဘဲ ရပ်ကွက်နဲ့ ဈေးတွေမှာ ပါတီတံဆိပ်ပါတဲ့ နှာခေါင်းစည်းတွေ လိုက်လှူဖို့ စီစဉ်ထားတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။
Photo-NNDP