လူ ၅၀ ထက်မပိုဘဲ မဲဆွယ်စည်းရုံးဟောပြောနိုင်
DVB
·
September 7, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ကျန်းမာရေး လမ်းညွှန်နဲ့အညီ နေရာအကျယ်အဝန်း အနေအထားပေါ်မူတည်ပြီး တကြိမ်ကို လူဦးရေ ၅၀ ထက် မပိုပဲ မဲဆွယ်စည်းရုံးဟောပြောနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။
လူတစ်ဦးနဲ့တစ်ဦး အရှေ့ အနောက် ဝဲယာ အနည်းဆုံး ၆ ပေအကွာစီ နေရာချထား ဆောင်ရွက်ဖို့ လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာသာ စီမံဆောင်ရွက်ဖို့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ဖို့ကိုလည်း သတိပေးထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကိုလည်း စက်တင်ဘာလ ၈ ရက် မနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားတာ ဖြစ်ပါတယ်။