ဓာတ်ခွဲနမူနာ ၃၀၀၇ ခု စစ်ဆေးချက်အရ လူနာသစ် ၁၄၅ ဦး တွေ့ရှိ
DVB
·
September 7, 2020
ဓာတ်ခွဲနမူနာ ၃၀၀၇ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ရန်ကုန်တိုင်းက ၉၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၄၅ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂,၀၂၀ ခုမှာ လူနာသစ် ၁၀၀ နဲ့ ဒီနေ့မနက် ဓာတ်ခွဲနမူနာ ၉၈၇ ခုမှာ လူနာသစ် ၄၅ ဦး တွေ့ရှိခဲ့တာပါ။
အတည်ပြုလူနာသစ်တွေကတော့ ရန်ကုန်တိုင်း မြို့နယ် ၂၈ ခုက ၉၂ ဦး၊ ရခိုင်ပြည်နယ် မြို့နယ် ၆ ခုက ၃၈ ဦး၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၂ ဦးနဲ့ ဥတ္တရသီရိက ၁ ဦး၊ ဧရာဝတီတိုင်း ကျုံပျော်နဲ့ ဟင်္သာတမြို့နယ်တို့က ၁ ဦးစီ၊ ပဲခူးတိုင်း ကဝမြို့နယ်က ၈ ဦး၊ မန္တလေးတိုင်း မြင်းခြံနဲ့ သာစည်မြို့နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၄၆၄ ဦး၊ သေဆုံးသူ ၈ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၈၅ ဦးထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၄၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၈၀၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၉ ဒသမ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။