ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ဖြန့်ဝေချိန် တရုတ်နိုင်ငံက မြန်မာကိုထောက်ပံ့ပေးမည်
ပိုင်စိုး
·
September 2, 2020
တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ဖြန့်ဝေတဲ့အချိန်မှာ မြန်မာနိုင်ငံ ကိုလည်း ထောက်ပံ့သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ယွမ်သန်း ၂၀၀ (ကျပ်သန်း ၄ သောင်းလောက်) ပေးအပ်သွားမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်က ပြောပါတယ်။
နေပြည်တော်ကို ရောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိဟာ စက်တင်ဘာ ၁ ရက်နေ့က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံရမှာ ပြောခဲ့တာပါ။
ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင်ဖြန့်ဝေတဲ့ အချိန်မှာ မြန်မာနိုင်ငံကို ထောက်ပံ့သွားရေး၊ တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူခဲ့တဲ့ အကျိုးတူစီမံကိန်းတွေ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံက ကြွေးမြီပေးဆပ်မယ့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးပြီး အကူအညီပေးအပ်သွားမယ့်ကိစ္စ စတာတွေ ဆွေးနွေးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံက ဆောင်ရွက်တာတွေ ကို ဆက်ထောက်ခံအားပေးပြီး ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရကို ယွမ်သန်း ၂၀၀ ပေးမယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကလည်း နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံတာတွေ အတွက် ကျေးဇူးတင်ပြီး တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒတို့ကို ဆက်လက်ရပ်တည်ထောက်ခံပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
မစ္စတာ ရန်ကျဲ့ချိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံရာမှာလည်း အကျိုးတူပူးပေါင်း ဆောင်ရွက်တာတွေ ပိုပြီး တိုးချဲ့သွားဖို့၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ကူညီပံ့ပိုးပေးရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဓာတ်ပုံ- State Counsellor