နွားထိုးကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်၊ ဆေးဆိုင်များကို စည်းကမ်းနှင့်ညီရေး စစ်ဆေး
DVB
·
August 28, 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နွားထိုးကြီးမြို့ပေါ်က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆေးဝါးရောင်းချတဲ့ဆိုင် ၃၀ ကျော်ကို မြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီ ကြီးကြပ်မှုနဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီး စစ်ဆေးပညာပေးတာတွေ သြဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
အထွေထွေအုပ်ချုပ်ရေး၊ စားသုံးသူဦးစီးဌာန၊ ကျန်းမာရေး၊ မီးသတ်နဲ့ စည်ပင်ဌာနတွေက ပူးပေါင်း ဆောင်ရွက်ကြတာဖြစ်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ မြင်းခြံ-မန္တလေး လမ်းမတော် ကားလမ်းရှိဆိုင်တွေ အောင်ဆန်းလမ်း၊ စျေးလမ်း ရှိဆိုင်တွေကို စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ဖြစ်တဲ့ mask၊ hand gel၊ faceshield တွေ စျေးတင် မရောင်းရေး၊ ကိုဗစ်စည်းကမ်း လိုက်နာရေး၊ သက်တမ်းကုန်ဆေးတွေ မရောင်းရေး ပညာပေးဆွေးနွေးခဲ့ပြီး အရေးယူမှုမရှိသေးဘူးလို့ ဦးဆောင်စစ်ဆေးခဲ့သော မြို့နယ်ထွေအုပ်က ပြောပါတယ်။
“အခုစစ်ဆေးချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းနဲ့မညီတဲ့ ဆိုင်တွေ တော်တော် များများ တွေ့ရပါတယ်။ လောလောဆယ်တော့ ပါးစပ်နဲ့လည်း သတိပေးတယ်။ စာထွက်ပြီးလည်း သတိပေးခဲ့တယ်။ စည်းကမ်းပျက်မှုတွေကို အရေးမယူသေးပါဘူး”လို့ပြောပါတယ်။
ကိုဗစ်ကာကွယ်ရေးအတွက် လူစုလူဝေးဆီ မသွားလာဖို့လိုပြီး မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ အပြင်ထွက်ရင် Mask တပ်ကြဖို့လည်း ကျန်းမာရေးဌာနက အသိပေးထား ပါတယ်။
သတင်း- ခင်ဇာမွန်မြင့်