အသေးစားချေးငွေကိစ္စ ကြံ့ခိုင်ရေးအမတ်တင်သွင်းသည့်အဆို ကန့်ကွက်မဲများ
DVB
·
August 27, 2020
ပြည်တွင်း အသေးစားချေးငွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဒေါက်တာမောင်သင်းတင်သွင်းတဲ့အဆိုကို တပ်မတော်သားကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့ပေမဲ့ ကန့်ကွက်မဲများတာကြောင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ဖို့သာ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
မိတ္ထီလာမဲဆန္ဒနယ်က ဒေါက်တာမောင်သင်းက ကိုဗစ်ကာလအတွင်း ပြည်တွင်းအသေးစား ချေးငွေလုပ်ငန်းတွေအနေနဲ့ ချေးငွေပြန်လည်ပေးသွင်းရမှုကို ရပ်ဆိုင်းထားဖို့နဲ့ အတိုးနှုန်း ကင်းလွတ်ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးဖို့အဆိုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က တင်သွင်းခဲ့တာပါ။
ဒီအဆိုနဲ့ပတ်သက်ပြီး ဩဂုတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အတွင်း ကြံ့ခိုင်ရေးအမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းဝင်ဖြစ်တဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဒုဝန်ကြီးကတော့ အဆိုကို မှတ်တမ်းသာတင်ဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဒုဝန်ကြီး ဦးမောင်မောင်ဝင်း က “MFI ပေါင်း ၁၉၃ ခုမှ အသင်းသားပေါင်း ၅ ဒသ ၇ သန်းကို ထုတ်ချေးငွေ လက်ကျန် ၂၂၀၀ ဘီလီယံရှိတဲ့အနက် ပေးဆပ်ဖို့ အချိန်ရောက်ချိန်မှာ ချေးငွေမှာ ကျပ် ၇၀၀ ဘီလီယံလောက် ရှိပါတယ်။ ပြန်လည်ကောက်ခံရရှိမှု ၁၅၀ ဘီလီယံသာရှိပြီး ကျန် ၅၅၀ ဘီလီယံကို MFI တွေနဲ့ အသင်းဝင်တွေ ညှိနှိုင်းပြီး ရွှေ့ဆိုင်းဆောင်း ရွက်ပေးခဲ့ရတာကို တွေ့ရှိရပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ ချေးငွေပေးဆပ်ဖို့ကာလ ရွှေ့ဆိုင်းခြင်း၊ အတိုးနှုန်းလျော့ပေးခြင်း၊ ချေးငွေပေးဆပ်ရန် ကာလရှည် ဆိုင်းပေးခြင်း နှစ်မျိုးလုံး ဆောင်ရွက်ပေးခွင့်တို့ ပါဝင်ပါတယ်။”လို့ လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေနဲ့လည်း အသေးစား ငွေရေး ကြေးရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခြင်းတွေကို လုပ်ဆောင်နေတဲ့ အတွက် အဆိုကို မှတ်တမ်းသာထားရှိဖို့ ဒုဝန်ကြီးက တင်ပြခဲ့တာပါ။
ဒါပေမဲ့ အဆိုရှင်ဒေါက်တာမောင်သင်းကတော့ အဆိုကို အတည်ပြုပေးဖို့ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
ဒေါက်တာမောင်သင်းက “နှစ်ဦးနှစ်ဖက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာအတိုင်း ညှိနှိုင်းပေးဖို့ ဖြစ်ပါတယ်။ အဲ့လိုညှိနှိုင်းပေးမည်ဆိုပါက အစိုးရက ကိုဗစ်ကာလအတွင်းမှာ အခုလို ထောက်ပံ့ကြေးပေးနေတာထက် ပြည်သူတွေကို အကျိုးရှိနိုင်ပါသဖြင့် ကျနော့် အဆိုအား အတည်ပြု ပေးပါရန် အသေးစားချေးငွေယူပြီး အကြွေးဝန်ပိနေကြတဲ့ ပြည်သူများရဲ့ကိုယ်စား လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား ” လို့ သူ့ရဲ့သဘောထားကို ပြောပါတယ်။
အဆိုရှင်နဲ့ ဝန်ကြီးဌာနတို့ရဲ့ သဘောထားကွဲလွဲနေတာကြောင့် လွှတ်တော်အတွင်း မတ်တပ်ရပ် မဲခွဲရာမှာ ကြံ့ခိုင်ရေးအမတ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစိုးသိန်း၊ရခိုင်အမျိုးသားပါတီက ဦးဘရှိန်တို့က ထောက်ခံခဲ့ကြပေမယ့် လွှတ်တော်အတွင်းအများစုရှိနေတဲ့ အန်အယ်လ်ဒီအမတ်တွေရဲ့ ထောက်ခံမှုကို မရရှိခဲ့တဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ရပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)