နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏အမည် မဲစာရင်း ၂ နေရာတွင် ပါဝင်နေ
DVB
·
August 14, 2020
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဩဂုတ် ၁၄ ရက် မနက်ပိုင်းက နေပြည်တော် သီရိ ၅ မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားမှု အခြေအနေကို လိုက်လံကြည့်ရှုခဲ့ပါတယ်။
နေပြည်တော် သီရီ ၅ မြိုနယ်ဖြစ်တဲ့ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိ မြို့နယ်တွေမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်းတွေကပ်ထားမှုကို ကိုယ်တိုင်လိုက်လံကြည့်ရှုခဲ့တာပါ။
အစိုးရဝန်ထမ်းမိသားစုတွေ အများစုနေထိုင်တဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်း မဲစာရင်းကပ်ထားမှု ကို ကြည့်ရှုရာမှာတော့ မဲစာရင်းတွေထဲမှာ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ နာမည်မပါတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေထံ မေးမြန်းခဲ့တာကိုတွေ့ရပါတယ်။
ဒါ့အပြင် ဇမ္ဗူသီရိမြို့နယ် မဲစာရင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းပါဝင်နေတာကို တွေ့ရပါတယ်။ ဗဟန်းမြို့နယ်ရဲ့ မဲစာရင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းပါဝင်နေတဲ့အတွက် ကော်မရှင်အနေနဲ့ ကာယကံရှင်ရဲ့ အတည်ပြုချက်ကိုရယူပြီး တစ်နေရာကို ပြန်လည်ပယ်ဖျက်သွားရမှာဖြစ်တယ်လို့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးက ပြောပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ပါဝင်နေတဲ့ အမည်စာရင်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဒီကနေ့ကန့်ကွက်ခဲ့ပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ်ထုတ်ပြန်မယ့် မဲစာရင်းမှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ မဲရုံမှူး ဦးတင်မြက ပြောပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့်