အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ် ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးမည်
DVB
·
August 14, 2020
အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်-"My Dear You" (The Series) ကို အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
King 7 Dynasty ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်သံစီးရီးစ်ကတော့ Sky နဲ့ Anna Lynn တို့ရဲ့ ဇာတ်လမ်းကို မယ်ခိုင်နဲ့ မေမိုးတို့က ဇာတ်ညွှန်းခွဲပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်သံစီးရီးစ်ထဲမှာတော့ အမျိုးသားမော်ဒယ်သရုပ်ဆောင် Jay Baas နဲ့ Francis Leo တို့က အဓိကပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ သီဟတင်အောင်စိုး၊ အောင်ဇေယျာမင်းထင်၊ ခင်သဇင်၊ သင်ဇာစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်သံစီးရီးစ်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရဲ့ မျိုးဆက်ရင်သွေးတယောက်ဖြစ်ကာ ရုပ်ရှင်ကားကြီးတွေ၊ ရုပ်သံကြော်ငြာတွေ ရိုက်ကူးမှုတွေ ခပ်စိပ်စိပ်လုပ်လာနေရသူ ဖြစ်ပါတယ်။
သူရိုက်ကူးခဲ့တဲ့ ရုံတင်ကားကြီးတွေဖြစ်တဲ့ “အခမ်းနားဆုံးမေတ္တာ” ၊ “လေဒီဒိန်းဂျား”စတဲ့ ရုပ်ရှင်တွေဟာ ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ဇာတ်ကားတွေဖြစ်တာမို့ ခုရုပ်သံစီးရီးစ်ကို ဘယ်လိုပုံဖော်ရိုက်ကူးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ပဲ ဖြစ်ပါတယ်။