ရထားတွဲ ၂ တွဲအကြားမှ လမ်းဖြတ်ကူးသူ အမျိုးသား ၁ ဦး ရထားကြိတ်မိ သေဆုံး
DVB
·
August 13, 2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ ဒီနေ့ မနက်ပိုင်းက ရထားတွဲ ၂ တွဲကြားကနေ လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦး ရထားကြိတ်မိပြီး သေဆုံးသွား ပါတယ်။
ဩဂုတ်လ ၁၃ ရက်က သုံးဆယ်ဘူတာမှာ ခဏရပ်နားပြီး ထွက်ခွာလာတဲ့ အမှတ် (၆၉) အဆန် ကြည့်မြင်တိုင်-သာရဝေါ အမြန်ရထားရဲ့ ကုန်တွဲ ၂ တွဲကြားကနေ ဖြတ်ကူးတဲ့ သုံးဆယ်မြို့ ဗေဒင်ကုန်းရပ်ကွက်နေ အသက် (၂၉)နှစ်အရွယ် မြတ်မင်းပိုင်ဆိုသူကို ရထားကြိတ်မိတဲ့ အတွက် အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တာပါ။
မီးရထားရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရထားက ၈ နာရီ ၅၀ မိနစ်မှာ သုံးဆယ်ဘူတာကို ဝင်ပြီး ခဏရပ်နားတယ်၊ ပြန်ထွက်ပြီး ခဏလေးပဲ ရှိသေးတယ်။ ၈ နာရီ ၅၅ မိနစ်မှာ မိုင်တိုင်အမှတ် ၆၅/၁၃-၁၄ကြား၊ ဘူတာအနောက်ဘက် ဗေဒင်ကုန်းရပ်ကွက်ကနေ အရှေ့ဘက်ဘူတာ ပလက်ဖောင်းပေါ်ကို ကုန်တင်တွဲ အမှတ် BDTE12705 နဲ့ GBHV40062 တွဲ ၂တွဲကြားကနေ ဖြတ်ကူးတဲ့အတွက် ရထားနဲ့ကြိတ်မိတာဖြစ်ပါတယ်။ လည်ပင်းပြတ်ဒဏ်ရာ၊ ဘယ်ဘက်လက် ပြတ်ရှဒဏ်ရာတွေနဲ့ တိုက်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
ရထားတွဲကြားကနေ ကျော်ဖြတ်ခဲ့တဲ့ သေဆုံးသူ မြတ်မင်းပိုင်ကို သုံးဆယ်ရဲစခန်း တာဝန်မှူးဒုရဲအုပ်ဟိန်းထက်ဦးက တရားလိုပြုလုပ်ပြီး၊ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ထား ပါတယ်။
သတင်း- ဝဏ္ဏထွန်း