Home
မြန်မာသတင်း
ပညာရေးလှုပ်ရှားသူ စောဆာနေသော ၂၀၁၉ ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ရရှိ 
နော်နိုရင်း
·
August 12, 2020
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားနေသူ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) အမှုထမ်းဖြစ်တဲ့  စောဆာနေသောကို ၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ စောဆာနေသောဟာ ကရင်ကျောင်းသားကွန်ရက် (KSNG) အဖွဲ့ခေါင်းဆောင်တဦး ဖြစ်သလို ကရင်ပညာရေးနှင့် ကယ်ဆယ်ရေးဌာနမှာလည်း သင်တန်းနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကရင်ကျောင်းသားလူငယ်တွေ ဦးဆောင်မှုအခန်းကဏ္ဍ ပိုမိုပါဝင်လာရေးနဲ့ ကရင့်အမျိုးသား ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အသိအမှတ်ပြုခံရရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပဋိပက္ခဖြစ်ပွားတဲ့ဒေသမှာကြီးပြင်းလာပြီး ပညာရေးကို ရုန်းကန်နေရတဲ့ ထောင်ပေါင်းများစွာသော ကလေးငယ်တွေအတွက် ပညာရေးရရှိဖို့ ကူညီဆောင်ရွက်ပေးသူ ဖြစ်တယ်လို့လည်း  ဆုပေးအပ်တဲ့ ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ ဒီဆုကို  ဒီကနေ့ ကေအန်ယူ ထိန်းချုပ်နယ်မြေ ဘားအံခရိုင်ရှိ တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပတဲ့ နှစ် ၇၀ မြောက် ကရင်အမျိုးသား အာဇာနည်နေ့  အခမ်းအနားမှာ ဂုဏ်ပြုလက်မှတ်နဲ့ အတူ အမေရိကန်ဒေါ်လာ ၃,၀၀၀  ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက်  စွမ်းစွမ်းတမံလုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ် တွေကို နှစ်စဉ် ဂုဏ်ပြု ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို Free Burma Rangers (FBR) အဖွဲ့က ကရင်လူငယ် ကျန်းမာရေးဝန်ထမ်း စောကပြူထူး (ခေါ်) စောဂျိုးဇက်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024