Homeမြန်မာသတင်း
ဘိုလီးဗီးယားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများကို ရွေ့လျားမီးသင်္ဂြိုဟ်စက်ဖြင့် သင်္ဂြိုဟ်ပေး
ဘိုလီးဗီးယားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများကို ရွေ့လျားမီးသင်္ဂြိုဟ်စက်ဖြင့် သင်္ဂြိုဟ်ပေး
DVB
·
August 5, 2020
ဘိုလီးဗီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေများပြားနေပြီး သုသာန် အဆောက်အအုံက အကန့်အသတ်ရှိတာမို့ ရွေ့လျားမီးသင်္ဂြိုဟ်စက်တွေနဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးနေပါတယ်။
အထူးသဖြင့် ဆင်းရဲပြီး ကိုဗစ်-၁၉ ဆိုးဆိုးရွားရွား ဖြစ်ရာနေရာတွေမှာ ဒီရွေ့လျား မီးသင်္ဂြိုဟ်စက်ကို အသုံးပြုနေပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ ရန်ပုံငွေ ပြတ်လပ်တာနဲ့ ဈာပနလုပ်ငန်းဝန်ဆောင်မှု မနိုင်နင်းတာကြောင့် ပြည်သူတွေဟာ ရောဂါပိုး မကူးအောင် ရုပ်အလောင်းတွေကို လမ်းပေါ် ပစ်ထားရတယ်လို့ ရွေ့လျားမီးသင်္ဂြိုဟ်စက် ကူညီတီထွင်သူ အင်ဂျင်နီယာက ဆိုပါတယ်။
ဆေးရုံတွေမှာ နာမကျန်းသူတွေပြည့်နေပြီး လူတွေဟာ အိမ်တွေမှာ ရုပ်အလောင်းတွေနဲ့အတူ နေရတာကြောင့် ရွေ့လျားမီးသင်္ဂြိုဟ်စက်လုပ်ငန်းဟာ စရိတ်စက သက်သာပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတရပ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရွေ့လျားမီးသင်္ဂြိုဟ်စက်ဟာ ရုပ်အလောင်းတစ်ခုကို အမေရိကန် ဒေါ်လာ ၄၀ နဲ့ မိနစ် ၅၀ ကနေ ၉၀ အတွင်း သင်္ဂြိုဟ်ပေးနိုင်တယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။
သမားရိုးကျ သင်္ဂြိုဟ်မယ်ဆိုရင်တော့ ဒေါ်လာ ၂,၀၀၀ လောက် ကုန်ကျမှာပါ။ လက်ရှိ ဘိုလီးဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၁,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃,၂၀၀ ကျော် ရှိပါတယ်။
ဒီအရေအတွက်ဟာ အိမ်နီးချင်း ပီရူး၊ ချီလီ၊ ဘရာဇီးတို့နဲ့နှိုင်းစာရင် အရေအတွက် နည်းပါးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။