Home
မြန်မာသတင်း
မိုးရေချိန် ဆက်လက်လျော့နည်းပါက မိုးစပါး ပျက်စီးဆုံးရှုံးနိုင်ဟု ဖျာပုံစိုက်ပျိုးရေးတာဝန်ရှိပြော
DVB
·
July 26, 2020
မိုးရေချိန် ဆက်လက်လျော့နည်းလာပါက ရေချိုရေငန်ဧရိယာနဲ့ ရေငန်ဧရိယာအတွင်းရှိ မိုးစပါးစိုက်ပျိုးလယ် ဧကတွေ ထိခိုက်ပျက်စီးဆုံးရှုံးလာနိုင်တယ်လို့ ဖျာပုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ပြောပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာ ၆ အုပ်စုမှာ မိုးပြတ်လပ်မှုကြောင့် ပင်လယ်ရေငန်ဝင်ရောက်ကာ မိုးစပါးစိုက်ပျိုးလယ် ဧကပေါင်း ၁၆၃၆၂ ဧက ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ ဖျာပုံမြို့နယ်မှာ ၂၀၂၀-၂၀၂၁ မိုးစပါး စိုက်ဧက ၂၁၆၁၁၂ ဧက၊ နွေစပါး ၈၇၄၆၈ ဧက၊ ဆောင်းသီးနှံ ၁၀၀ ဧက စီမံဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ မိုးစပါး စိုက်ဧကထဲက  ရေချိုသီးသန့်လယ်ဧက ၄၉၃၅၅ ဧက၊ ရေချို ရေငန်ထိစပ်နေတဲ့ လယ်ဧက ၂၈၂၄၄ နဲ့ ရေငန်ဧရိယာက လယ်ဧက ပေါင်း ၁၃၃၁၁၃ ဧက ရှိတယ်လို့ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ပြောပါတယ်။ ဖျာပုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ ဇူလိုင် ၂၃ ရက်နေ့အထိ မိုးရေချိန်လက်မ ၅၄.၁၈ ရွာသွန်းခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၃ ရက်နေ့အထိ ၃၈.၇၁ ရွာသွန်းခဲ့တာကြောင့် မနှစ်ကထက် ဒီနှစ် ဇူလိုင် ၂၃ ရက်နေ့အထိ တိုင်းထွာချက်အရ မိုးရေချိန် ၁၅.၄၇ လက်မ လျော့နည်းပြီး ရွာသွန်းခဲ့တယ်လို့ ဖျာပုံမြို့နယ် မိုးလေဝသစခန်းမှ စခန်းမှူး ဦးအေးဇော်ထက်က ပြောပါတယ်။ လယ်ယာတွေ ပျက်စီးဆုံးရှုံးမှု မရှိအောင် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရရှိထားတဲ့ မိုးရေကိုလည်း စနစ်တကျ သိုလှောင်ထားပြီး အောင်ရေရရှိအောင် ဆောင်ရွက်နေတယ်လို့  ဦးစီးမှူး ဦးမောင်မောင်သွင်းက ပြောပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ရာသီဥတု ဆိုးဝါဖောက်ပြန်မှု ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှုတော့ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဖျာပုံမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ထက် ဒီနှစ်မှာ မိုးရွာသွန်းမှုနည်းပါးနေပြီး ဖျာပုံမြို့နယ်ရဲ့ အဓိက ဒေသထွက်ကုန်တွေမှာ ဆန်စပါး၊ ရေလုပ်ငန်း၊ ဥယျဉ်ခြံလုပ်ငန်း၊ နေလှန်းဆား နဲ့ မွေးမြူရေး လုပ်ငန်းတို့ဖြစ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024