ပြည်ပနိုင်ငံများမှ ပြန်ခေါ်ခဲ့သည့် မြန်မာနိုင်ငံသား ၈၅၅၆ ဦးရှိပြီ
DVB
·
July 25, 2020
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၂၅ ဦး မနေ့ညက ပြန်ရောက်လာပြီး စုစုပေါင်း ပြည်ပနိုင်ငံအသီးသီးကနေ မြန်မာ ၈၅၀၀ ကျော်ကို ပြန်ခေါ်ပြီးပြီလို့ သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံကို ပျံသန်းပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်တွေ ယာယီရပ်ဆိုင်းမှုကြောင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှာ ဆိုက်ကပ်ထားတဲ့ ဂရိ သင်္ဘောကုမ္ပဏီ SEA Traders S.A ကုမ္ပဏီပိုင် MV LIMNOSသင်္ဘောပေါ်မှာ တာဝန်ပြီးဆုံးပြီး မြန်မာနိုင်ငံ ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးနဲ့ ပညာသင်ကာလပြီးဆုံးတဲ့ မြန်မာကျောင်းသား ၃ ဦး စုစုပေါင်း ၂၅ ဦးအား မြန်မာအမျိုးသားလေကြောင်း လိုင်းစင်းလုံးငှား အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၄ ရက်ညက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
သူတို့ကို ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး စီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံအသီးသီးမှာ ပိတ်မိ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၈၅၅၆ ဦးရှိပြီလို့ သိရပါတယ်။