Homeမြန်မာသတင်း
လယ်မစိုက်ဘဲ ပုံစံ-၇ ထုတ်ပေးမှု ပြန်စိစစ်ပေးရန် ပေါင်မြို့နယ် လယ်ယာမဲ့ ဒေသခံများတောင်းဆို
လယ်မစိုက်ဘဲ ပုံစံ-၇ ထုတ်ပေးမှု ပြန်စိစစ်ပေးရန် ပေါင်မြို့နယ် လယ်ယာမဲ့ ဒေသခံများတောင်းဆို
DVB
·
July 13, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာ မြေနုကျွန်းဧက ၁၈၀ ထဲက မြေဧက ၆၀ ကို လယ်မြေလုပ်ကိုင်ခြင်းမရှိဘဲ ပုံစံ-၇ ထုတ်ပေးခဲ့တဲ့အပေါ် သက်ဆိုင်ရာက ပြန်လည်စိစစ် အရေးယူဆောင်ရွက်ပေးဖို့ လယ်ယာမဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ သောင်နုမြေခွဲဝေပေးရာမှာ ကျေးရွာနေလယ်ယာမဲ့ပြည်သူတွေကို တန်းစီဇယားနဲ့ခွဲဝေပေးဖို့ ဥပဒေပြဋ္ဌာန်းခဲ့ပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘဲ လူတစုအား ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲ မြေဧက ၆၀ ကို ပုံစံ-၇ ထုတ်ပေးတဲ့အပေါ် ဥပဒေအရေ စိစစ်ပေးစေချင်တယ်လို့ ဒေသခံ ဦးစိုးမြင့်က DVB ကို ပြောပါတယ်။
“ကျနော်တို့ရွာက လယ်ယာမဲ့ပြည်သူတွေက သောင်နုမြေပေါ်တယ်ဆိုလို့ သက်ဆိုင်ရာကို တင်ပြတောင်းဆိုခဲ့ကြတာပါ။ ရွာသားတွေ တောင်းဆိုတဲ့အချိန်ကျမှ ဦးထွန်းအောင်ပါ ၆ ဦးက ဒီမြေကိုလာဝိုင်းတာပါ။ အဲ့ဒီတော့မှ သူတို့မှာ ပုံစံ-၇ ထွက်ထားတယ်ဆိုတာ သိရတယ်။ ဒါကလည်း ရွာသားတွေကို အသိမပေးဘဲ မရိုးမဖြောင့်တဲ့ နည်းနဲ့ ထုတ်ထားပေးတာလို့ ထင်ပါတယ်။ ဒီအပေါ်ကို သက်ဆိုင်ရာကလည်း ပြန်လည်စိစစ်ပြီး ထိရောက်စွာ အရေးယူစေချင်ပါတယ်။”
ကျေးရွာနေ လယ်ယာမဲ့နဲ့ မရှိဆင်းရဲသား ပြည်သူတွေ ဥပဒေနဲ့အညီ အကျိုးခံစားခွင့်ရရှိစေဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဆီကို လယ်ယာမဲ့ပြည်သူ ၆၀ က စာနဲ့ ၃ ကြိမ်တိုင် တင်ပြတောင်းဆိုခဲ့ပေမဲ့ တစုံတရာ မထူးခြားသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကုန်းလေးကျေးရွာမှ လယ်ယာမဲ့တဦးဖြစ်တဲ့ ဒေါ်ဘုတ်ဆုံက “ကျမတို့ရွာမှာက ခေတ်အဆက်ဆက် သောင်နုမြေပေါ်လို့ လယ်ယာမဲ့တွေကို ခွဲဝေပေးခဲ့တာမျိုး မရှိပါခဲ့ဘူး။ အခုလို သောင်နုမြေ ပေါ်ထွန်းလာတဲ့အပေါ်မှာလည်း ဘယ်လောက်ရရ လိုချင်ပါတယ်။ ကိုယ့်မှာ လယ်ပိုင်မရှိတော့ လက်ရှိသူများ လယ်မှာ အငှားကောက်စိုက်၊ မျိုးနုတ်လုပ်နေရတာပေါ့။ ကျန်တဲ့အချိန်တွေမှာလည်း ငါးရှာ၊ ခရုရှာပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရပါတယ်” လို့ DVB ကို ပြောပါတယ်။
ပေါင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်အောင်က “ကျနော်တို့ဌာနက လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ စိုက်စားပျိုးစားမှု မရှိတဲ့မြေတွေကို ပုံစံ ၇ ထုတ်ပေးတာမျိုး မရှိပါဘူး။ မြို့နယ်လယ်စီအဖွဲ့အနေနဲ့လည်း အခုလို ပုံစံ-၇ ထွက်ထားတဲ့ကိစ္စကို စိစစ်ချက်၊ တွေ့ရှိချက်တွေနဲ့အတူ အထက်လယ်စီဌာနအဆင့်ဆင့်ကို တင်ပြပြီး လမ်းညွှန်မှုခံယူသွားမှာပါ။ ဒေသခံတွေ လိုချင်တဲ့ ပုံစံ-၇ ဖျက်သိမ်းပေးဖို့ဆိုတာက ဗဟိုလယ်စီကပဲ ပြန်လည်ဖျက်သိမ်းပိုင်ခွင့်ရှိတယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်” လို့ ပြောပါတယ်။
ယူမင်းစိုး