Homeမြန်မာသတင်း
တိုက်ပွဲအတွင်း အရပ်သားသေဆုံးဒဏ်ရာမှု တရားမျှတမှုရရန် ကျောက်မဲပြည်သူ ၁ သောင်းကျော် ဆန္ဒပြ
တိုက်ပွဲအတွင်း အရပ်သားသေဆုံးဒဏ်ရာမှု တရားမျှတမှုရရန် ကျောက်မဲပြည်သူ ၁ သောင်းကျော် ဆန္ဒပြ
ခွန်ဇော်ဦး
·
July 10, 2020
တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ (RCSS/ SSA) တပ်ဖွဲ့ကြား ကျောက်မဲမြို့နယ်၊ ပန်ချင်ရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် တရားမျှတမှုရရှိဖို့ ဒေသခံပြည်သူ ၁ သောင်းကျော် ဇူလိုင် ၁၀ ရက်နေ့ မနက်က ကျောက်မဲမြို့ပြင်မှာ စီတန်းလမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
တပ်မတော်နဲ့ RCSS တို့ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်စစ်ကြောင်းတခုက အသက် ၅၈ နှစ်အရွယ် လုံဆု လို့ ခေါ်တဲ့ ပန်ကျင်ရွာသား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်သလို ၁ ဦးကို ရိုက်နှက်ခဲ့တယ်ဆိုပြီး ဒေသခံတွေက ပြောဆိုခဲ့ကြပြီး တရားမျှတမှုရရှိဖို့ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရတာလို့ ဆိုပါတယ်။
စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲမှာ “အပြစ်မဲ့ပြည်သူကိုသတ်တဲ့ တပ်မတော်အလိုမရှိ” ဆိုတဲ့စာတမ်းပါ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။
ကိုဗစ်- ၁၉ ကာလဖြစ်တဲ့အတွက် လူစုလူဝေးပြုလုပ်တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တားမြစ်တာတွေရှိနေပြီး ဆန္ဒထုတ်ဖော်သူတွေကို ကျောက်မဲမြို့ထဲ မဝင်နိုင်အောင်လည်း လုံခြုံရေး ရဲတပ်ဖွဲ့တွေက အကာအရံတွေနဲ့ ပိတ်ဆို့နေပါတယ်။
တိုက်ပွဲအတွင်း ပန်ကျင်ရွာက လူနေအိမ်တချို့ လက်နက်ကျည်ထိမှန်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် အသက် ၅၈ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။