နိုင်ငံခြားကပြန်လာသူ ၇၄၀၀ ကျော်ထဲမှ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၉၀ တွေ့ရှိ
ညီငယ်
·
July 7, 2020
ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံနေလို့ လေယာဉ်ခရီးစဉ်နဲ့ မေ ၁ ရက်နေ့ကနေ ဇူလိုင် ၆ ရက်နေ့အထိ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၆၈၀၀ ကျော်ရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ သီတဂူဆရာတော်ကြီးရဲ့အစီအစဉ်၊ တပ်မတော်ရဲ့အစီအစဉ်နဲ့ ခေါ်ဆောင်လာတဲ့ သူတွေ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ဆိုရင် စုစုပေါင်း ၇၄၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
အိန္ဒိယ၊ စင်ကာပူ၊ ယူအေအီး၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းစတဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့ ၇၄၀၀ ကျော်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာ လူပေါင်း ၉၀ ရှိပြီး အိန္ဒိယပြန် ၅၃ ယောက်နဲ့ အများဆုံးပဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ယောက်မှာ
ဒုတိယအများဆုံးကတော့ မလေးရှာနဲ့ ယူအေအီးကဖြစ်ပြီး၊ ၁၃ ယောက်စီ ပိုးတွေ့ထားပါတယ်။ ကျန်တဲ့ပိုးတွေ့လူနာတွေကတော့ ဘင်္ဂလားဒေ့ရှ်ကပြန်လာတာ ၃ ယောက်၊ ကာတာက ၃ ယောက်၊ အီတလီက ၂ယောက်၊ ဗြိတိန်က ၂ယောက်နဲ့ စင်ကာပူက ပြန်လာသူ ၁ ယောက်ဆီက ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်နယ်စပ်လမ်းကြောင်းကနေ မေလ ၁ ရက်နေ့က ဇူလိုင်လ ၇ ရက်နေ့ထိ ပြန်လာတဲ့သူတွေထဲမှာတော့ လူပေါင်း ၄၀ ဟာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ထားပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၇ ရက်မနက် ၈ နာရီအထိ တော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၆ ယောက်၊ အဲဒီထဲက ၁၆၀ဟာ ပြည်တွင်းကူးစက်သူတွေဖြစ်ပြီး ၁၅၆ ယောက်က ပြည်ပနိုင်ငံတွေက ပြန်လာသူတွေလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
အတည်ပြုလူ ၃၁၆ ယောက်ထဲက ၂၄၅ ယောက် ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။