ဇင်းကျိုက်ရေတံခွန်သို့ လာရောက်မလည်ပတ်ကြရန် မြို့နယ်စည်ပင် တိုက်တွန်း
DVB
·
July 6, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့် ဇင်းကျိုက်ရေတံခွန် အပန်းဖြေစခန်းကို ယာယီပိတ်သိမ်းထားတဲ့အတွက် လာရောက်လည်ပတ်တာတွေ မပြုလုပ်ကြဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ဦးထွန်းထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ပိတ်သိမ်းထားပေမဲ့ လက်ရှိမှာ တနေ့ လူ ၁၀၀ ဝန်းကျင်နဲ့ ရုံးပိတ်ရက်တွေမှာ ၅၀၀ လောက် လာရောက်နေတာကြောင့် မလာရောက်ဖို့ အခုလို လိုက်တာလို့ ဆိုပါတယ်။
ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ရှိ ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်းဟာ မွန်ပြည်နယ် အတွင်း ထင်ရှားတဲ့ရေတံခွန်တစ်ခုဖြစ်ပြီး နှစ်စဉ်ဝါဆိုလ အဖိတ်နေ့ကစပြီး သီတင်းကျွတ် လပြည့်နေ့အထိ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားခဲ့ပါတယ်။
အခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်စေဖို့ ခေတ္တယာယီပိတ်သိမ်း ထားတာကြောင့် စီးပွားရေးအရ ဆုံးရှုံးနေတယ်လို့ ရေတံခွန်လုပ်ငန်း လေလံအောင်မြင်ထားတဲ့ လုပ်ငန်းရှင် ဦးဇော်ဝင်းနိုင်က ပြောပါတယ်။
ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက်ဈေးပြိုင်စနစ်နဲ့ ရေတံခွန်လုပ်ငန်းကို ၃ ကြိမ်တိုင်လေလံခေါ်ယူခဲ့ရာမှာ ဆွဲယူသူမရှိဘဲ အခြားနည်းနဲ့ လျှောက်ထား လာတဲ့အပေါ် ဇင်းကျိုက်ရေတံခွန်လုပ်ငန်းအရပ်ရပ်အတွက် ငွေကျပ် ၆၄ သိန်း ၁ သောင်းနဲ့ လုပ်ကိုင်ခွင့်ချထားပေးခဲ့တယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးက သိရပါတယ်။
ပေါင်မြို့နယ်ထဲမှာ ဇင်းကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန်၊ ဘန့်ဘွေးကုန်းရေတံခွန်၊ တမောင်းပန်းရေတံခွန်နဲ့ တခြားရေတံခွန်ငယ်တွေ များစွာရှိနေတာကြောင့် နှစ်စဉ်မိုးရာသီကာလ ရောက်တိုင်း အပန်းဖြေလာရောက် သူတွေနဲ့ စည်ကားနေတာပါ။
သတင်း-ယူမင်းစိုး