မြန်မာနိုင်ငံက ပေးဆပ်ရမည့် ကန်ဒေါ်လာ ၉၈ သန်း ပမာဏရှိကြွေးမြီ အီးယူဆိုင်းငံ့ပေး
DVB
·
July 2, 2020
မြန်မာနိုင်ငံကပေးဆပ်ရမယ့် အမေရိကန်ဒေါ်လာ ၉၈ သန်း (ကျပ်ငွေ ၁၃၄ ဒသမ ၅ ဘီလီယံ) ပမာဏရှိတဲ့ ကြွေးမြီကို ဆိုင်းငံ့ထားပေးကြောင်း ဥရောပသမဂ္ဂ (အီးယူ)က ဒီကနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုဒဏ်ကို မြန်မာနိုင်ငံအနေနဲ့ စီမံကုစားရာမှာ ထောက်ကူပေးနိုင်ဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဩစတြီးယား၊ ဖင်လန်နိုင်ငံ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ပိုလန်နိုင်ငံတို့က ၂၀၂၀ မေလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံက ပေးချေရမယ့် ကြွေးမြီတွေကို ဆိုင်းငံ့ထားပေးလိုက်တာပါ။
မြန်မာနိုင်ငံက အဆိုပါကာလအတွင်း ပေးရန်တာဝန်ရှိတဲ့ ကြွေးမြီရဲ့ ၂၀ ရာခိုင်နှုန်းဝန်းကျင် ဖြစ်တဲ့ အတိုးငွေနဲ့ ငွေလုံးငွေရင်းပေးချေမှုတွေကို ဆိုင်းငံ့ထားပေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းထံ မနေ့က အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က "ဥရောပဟာ ကြွေးမြီပြန်ဆပ်ခြင်းကို ဆိုင်းငံ့ပေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုဆိုရင် ပြည်သူ့ဘဏ္ဍာတွေကို ကျန်းမာရေးကဏ္ဍနဲ့ ထိခိုက်လွယ်ဆုံးသူတွေအတွက်၊ ဆက်ပြီးလည်ပတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးနာလန်ထူမှုရအောင် ကူညီဖို့အတွက် အသုံးချနိုင်ပါပြီ"လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရင်ကလည်း မြန်မာနိုင်ငံအတွက် ကြွေးမြီဖြေလျှော့ ပေးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
အီးယူအနေနဲ့ ကိုဗစ်-၁၉ ကာလမှာလည်း အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံက အထည်ချုပ်လုပ်သားတွေအတွက် ယူရိုငွေ ၅ သန်း၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ယူရိုငွေ ၁၄ ဒသမ ၆ သန်း၊ ရခိုင်ပြည်နယ်နဲ့ တခြားဒေသက IDP စခန်းတွေအတွက် ယူရိုငွေ ၅ သန်းကူညီထားတဲ့အပြင် မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်း ကူညီဖို့လည်း ကတိပြုထားပါတယ်။