အိမ်မှာနေစဉ် စာဖတ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
July 2, 2020
လတ်တလော ရင်ဆိုင်နေကြရတဲ့ ကိုဗစ်ကပ်ဘေးကာ အိမ်မှာ နေထိုင်ကြရတဲ့ အချိန်တွေ ကို စာဖတ်ခြင်းနဲ့ အသုံးချနိုင်ကြစေဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။
“အိမ်မှာနေရတဲ့အချိန်တွေကို ဘယ်လိုသုံးကြမယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သ ဘောထားချင်းတူကြမှာ မဟုတ်ပါဘူး။ ကျွန်မအတွက်ကတော့ အချိန်လေး နည်းနည်းရမယ်ဆိုရင် စာဖတ်တာပါပဲ။ ပထမတော့ ‘အချိန်ပိုရင်’လို့ရေးမလို့ပါ။ ဒါပေမဲ့ အလုပ်တစ်ခုမဟုတ် တစ်ခုကတော့ အမြဲရှိနေတော့ ပိုနေတဲ့အချိန်ရယ်လို့ ရှိနိုင်ပါ့မလား လို့တွေးမိပါတယ်။ ဒါ့ကြောင့် စာဖတ်ဖို့ အချိန်ဆိုတာ ရအောင်လုပ်ယူရပါတယ်။ ဥပမာ၊ ‘ဒီအလုပ်ပုံ ဖြိုပြီးရင် စာဖတ်လိုက်ဦးမယ်ပေါ့။ ယခု ကန့်သတ်ချက်တွေကြောင့် အချိန်ရနေကြမယ်ဆိုရင် စာဖတ်ဖို့အားပေးပါရစေ။ ဖတ်တဲ့စာတွေက တော့ တာဝန်အရ ဖတ်ရတာတွေလည်း ပါမှာပါ။ အလုပ်နဲ့ပတ်သက်တဲ့ စာတွေ၊ ကျောင်းစာတွေ လိုမျိုးပေါ့။ ဖတ်သင့်တယ်ထင်တဲ့စာတွေ၊ ဖတ်ချင်တဲ့စာတွေလည်း ပါမှာပါပဲ”
စာဖတ်ခြင်းမှာဖတ်တဲ့ စာအမျိုးအစားတွေ ကွဲပြားသလို စာဖတ်ဝါသနာပါခြင်း အကြောင်း ကလည်း စိတ်ဝင်စားစရာကောင်းတယ်လို့ ရေးသားထားခဲ့ပြီး သူ့အတွက်တော့ စာဖတ်ရတာဟာ ကမ္ဘာသစ်ထဲ ရောက်သွားသလိုပါပဲလို့ ဆိုပါတယ်။
“မသိထားတဲ့ကာလ၊ ဒေသတွေ၊ မစဉ်းစားဘူးတဲ့ အတွေးသစ်တွေ၊ ဒါတွေနဲ့ စိတ်ဟာ ကန့် သတ်ထားတဲ့ နံရံလေးဘက်ကိုထိုးဖေါက်ပြီး လွတ်လပ်တဲ့ ဝေဟင်ကြီးကို ပျံ လွှားသွားနိုင်ပါတယ်။ Covid ရဲ့ ပိတ်ပင်မှုတွေနဲ့ နေနေရတဲ့ကာလအတွင်းမှာ ကိုယ့်အိမ် ထဲမှာနေရင်း ကမ္ဘာသစ်တွေ လည်း ကြည့်နိုင်ရင် မကောင်းဘူးလား”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အမည်နဲ့ အင်တာနက် လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်ကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကတည်းက စတင်ဖွင့်ခဲ့ပြီး သုံးစွဲ နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အချိန် ၃ လကျော်ကာလအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ပြည်သူတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး ဆွေးနွေးမှုတွေ၊ လိုအပ်တဲ့ အကြံပြုမှုတွေနဲ့ အသုံးပြုနေခဲ့တာကို တွေ့ရပါ တယ်။
သိပ်မကြာခင်ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြီးကြပ်မှုနဲ့ ကိုဗစ်ကာလ နှာခေါင်းစည်း (Mask)ချုပ်ပြိုင်ပွဲတခုကို ကျင်းပနိုင်ခဲ့တာပါ။
လတ်တလောမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ Follower ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ video conferencing မရှိတဲ့နေ့တွေမှာ တပတ်ကို ၃ ကြိမ်လောက်ပဲ ဖေ့စ်ဘွတ်ခ်ပို့စ်တင်တော့မယ်လို့ လည်း ရေးသားထားပါတယ်။