Home
မြန်မာသတင်း
သင်္ဘော ၁ စီးကို ကျားဖောင် ၈ ဖောင်အထက်တိုးပြီး လုပ်ကိုင်ခွင့်ပြုရန် တောင်းဆို
DVB
·
July 1, 2020
ပင်လယ်ပြင်ရေလုပ်ငန်းမှာ သင်္ဘောတစ်စီးကို ကျားဖောင် ၈ ဖောင်သက်မှတ်ထားရာမှ ထပ်တိုးပြီး လုပ်ကိုင်ခွင့်ပေးဖို့ ဇွန်လ ၃၀ ရက်က ဖျာပုံမြို့မှာပြုလုပ်တဲ့ ရေလုပ်ငန်းရှင်များနဲ့ အကြိုညှိနှိုင်းအစည်းအဝေးမှာ ဖျာပုံဒေသခံ ကျားလုပ်ငန်းရှင်တွေက တောင်းဆိုပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းထွန်းက “အိမ်ထောင်စု ခြောက်ထောင်ကျော်ရှိတယ်၊ လူဦးရေ သုံးသောင်း ရှစ်ထောင်ကျော်ရှိတယ်။ ရွာမှာက ဒေသခံ ရေလုပ်သားတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပြီ၊ မှုခင်းတွေ ဖြစ်ပွားလာနိုင်တယ်။ ဒေသခံ ရေလုပ်သားတွေအားလုံး အလုပ်ပေးနိုင်ဖို့ သင်္ဘော တစ်စီးကို ကျားဖောင် ရှစ်ဖောင် အထက် တိုးမြှင့်ပြီး လုပ်ကိုင်နိုင်ဖို့ ယာယီခွင့်ပြုပေးစေချင်တယ်။”လို့  ပြောပါတယ်။ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က “ငါးလုပ်ငန်းဥပဒေဟာ အင်မတန် အားနည်းခဲ့တယ်။ ငါးလုပ်ငန်းဥပဒေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ရေးဆွဲခဲ့တဲ့ ဥပဒေတစ်ခုဖြစ်သလို အားနည်းချက်တွေ ရှိနေပြီတော့ ဒီဥပဒေကို မပြင်ဆင်နိုင်တဲ့အတွက် လက်ရှိ ရေလုပ်ငန်ကဏ္ဍကို ထိန်းကျောင်းဖို့အတွက် အမိန့်၊ညွှန်ကြားချက်တွေနဲ့ အဓိက ထိန်းကျောင်းခဲ့ ရတယ်။ ဒါဟာ ငါးလုပ်ငန်းတစ်ခုလုံးရဲ့ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ များစွာရှိခဲ့တယ်။”လို့ ဆိုပါတယ်။   ငါးလုပ်ငန်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက “ကမ်းဝေးငါးဖမ်းသင်္ဘော တွေကို တစ်စီးကို ကျပ်သိန်း ၁၀၀ ချေးပေးဖို့ တင်ပြ ဆောင်ရွက်ထားပါတယ်။ အဓိက ၉ လပိုင်း ငါးဖမ်းရာသီ ပြန်စချိန်မှာ ချေးပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ငါးဖမ်းဆိပ်ခံတံတားတစ်ခုကို ကျပ်သိန်း ၂၀၀၀၊ အအေးခန်းစက်ရုံတစ်ခုကို ကျပ်သိန်း ၁၀၀၀ ချေးငွေ ရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတယ်”လို့ ပြောပါတယ်။   ဖျာပုံမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းရာသီမှာ အနယ်နယ်အရပ်ရပ်က ရေလုပ်သားတွေ လာရောက်လုပ်ကိုင်နေပါတယ်။ ဖျာပုံဒေသရဲ့ ကျားလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဒေသခံရေလုပ်သား တွေမှာ မိုးရာသီအလုပ်အကိုင်မရှိသေးတဲ့ ကာလမှာ လုပ်ငန်းရှင်တွေထံက ဒီနှစ်မိုးရာသီမှာ စရံငွေကြိုတင် ထုတ်ယူမရရှိတဲ့အတွက် မိသားစုညစားဝတ်နေရေး အခဲအခက်တွေ ကြုံတွေ့နေရ တယ်လို့ ဒေသခံ ရေလုပ်သားတွေထံက သိရပါတယ်။ သတင်း-ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024