ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပညာတော်သင် ၂၂ ဦးနှင့်အတူ နေပြည်တော် ပြန်ရောက်
DVB
·
June 26, 2020
ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၅ ရက် ည ၁၁ နာရီလောက်က နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတယ်လို့ တပ်မတော် သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲရှိနေတဲ့ ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးတို့လည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ရှရှားနိုင်ငံမှာကျင်းပတဲ့ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ဖို့ ဇွန်လ ၂၂ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၅ ရက် မနက်က မော်စကိုမြို့ Sheremetyevo လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာလာတာပါ။
ခရီးစဉ်အတွင်း ရုရှားနိုင်ငံ စစ်ဘက်အကြီးအကဲတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့သလို အထင်ကရ နေရာတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မော်စကိုမြို့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံကာ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြမ်းဖက်သမားတွေ အခြေချနေထိုင်မှုမရှိစေရေး အပါအဝင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း နိုင်ငံအဆင့်မြင့်ခေါင်းဆောင် တစ်ဦးအနေနဲ့ ပထမဆုံး ပြည်ပကို ခရီးသွားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ရောက်လာပါက ဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
ဓာတ်ပုံ- CINCDS