မိတ္ထီလာမြို့တွင် ရဲအရာရှိတဦး၏ ၆ လုံးပြူးသေနတ် အခိုးခံရ
DVB
·
June 10, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မရဲစခန်းဝင်းအတွင်းရှိ ရဲဓမ္မာရုံမှာ ဇွန် ၉ ရက်က လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးရဲ့ ကျည် ၂ တောင့်ပါ ၆ လုံးပြူးသေနတ်တစ်လက် အခိုးခံခဲ့ရပါတယ်။
မိတ္ထီလာမြို့မရဲစခန်း ရဲဝန်ထမ်းတစ်ဦးက “အသင့်နေနေရတဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ တစ်ဦးပါ။ လက်ပ်တော့ ခိုးတာ၊ သေနတ်ပါ ပါသွားတာပါ” လို့ ပြောပါတယ်။
ရဲဓမ္မာရုံ အရှေ့မြောက်ထောင့် ဘုရားစင်အနီးမှာ ဒုရဲအုပ်ကောင်းမြတ်ဇော်ဟာ အိပ်ရာခေါင်းရင်းမှာ HP လက်ပ်တော့ ကွန်ပြူတာထားပြီး အိပ်ရာဝင်ခဲ့ပါတယ်။
လက်တော့အိတ်ထဲမှာ ကျည် ၂တောင့်ထည့်ထားတဲ့ ဝစ်ဗလီအမျိုးအစား ၃၈ ဗို့ ၆ လုံးပြူးသေနတ်တစ်လက် ထည့်ထားခဲ့တာမှာ အိပ်ယာနိုးလာတော့ လက်တော့အိတ် မရှိတော့ဘဲ အခိုးခံလိုက်ရတာကို သိရှိခဲ့တာပါ။
သေနတ်ခိုးယူသွားသူကို မိတ္ထီလာမြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၂၈၅/၂၀၂၀ နဲ့ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိရှိတဲ့ ၁၉၄၉ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၂(၁)(က)နဲ့ အမှုဖွင့်ထားပါတယ်။
မောင်မောင်လင်း