Homeမြန်မာသတင်း
တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် ကိုဗစ်-၁၉ ကို လုံးဝ မပေါ့ဆကြရန် ဝန်ကြီးသတိပေး
တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် ကိုဗစ်-၁၉ ကို လုံးဝ မပေါ့ဆကြရန် ဝန်ကြီးသတိပေး
DVB
·
June 7, 2020
၂၈ ရက်တာ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ယောက်မှ မရှိတော့မှဘဲ ရောဂါကူးစက်တာ မရှိတော့ဘူးလို့ ပြောနိုင်မှာဖြစ်ပြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်းနီးပါး ရောဂါကူးစက်ပြန့်ပွားတာ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထပ်ပြီးသတိပေးလိုက်ပါတယ်။
မေ ၁၈ ရက်ကနေ ဇွန် ၇ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၂၂၈၁၄ ယောက်ရှိပြီး အဲဒီထဲမှာ ဇွန် ၂ ရက်နေ့က တွေ့ရတဲ့ တစ်ယောက်ကလွဲလို့ ပြည်တွင်းမှာ ကူးစက်တဲ့ လူနာသစ်မတွေ့ဘူးလို့ ဇွန် ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်တာပါ။
ဒီကာလမှာ ဓာတ်ခွဲအတည်ပြုလူနာ ၅၃ ယောက်တွေ့ရပြီး သူတို့ဆီကနေ ရောဂါထပ်ပြီး မကူးစက်အောင် ကြိုးစားလုပ်ကိုင်နေတယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ပြောဆိုပါတယ်။
ဒီလိုကာလမျိုးမှာ ရောဂါကူးစက်နှုန်းဘယ်လိုဖြစ်လာမလဲဆိုတာ ခန့်မှန်းပြောဖို့ နည်းနည်းစောသေးပြီး ပြည်သူတွေ သိရမယ့် အချက်တစ်ချက်ကတော့ နေရာအနှံ့မှာ ရောဂါဖြစ်ပွားသူတွေ အစုလိုက်အပြုံလိုက် တစ်ပြိုင်တည်းလိုလို ပေါ်လာတာမျိုးလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေကို မလိုက်နာသူတွေ ရှိနေနိုင်တာ၊ ရောဂါပျိုးချိန်မှာပဲရှိနေပြီး လက္ခဏာမပြသေးတာ၊ ရောဂါမဖြစ်သူတွေ ရှိနေနိုင်သေးတာကြောင့် ဒီလို ရုတ်တရက်အများအပြားပေါ်လာနိုင်တာဖြစ်ပြီး အဲဒီလိုဆိုရင် ရောဂါထိန်းချုပ်ဖို့ခက်ပြီး မနိုင်မနင်း ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
နေရာဒေသတခုမှာ ကပ်ရောဂါပျိုးချိန်ကာလရဲ့ ၂ ဆအချိန်ကာလ ရောဂါဖြစ်သူ တစ်ယောက်တလေမှ မရှိတော့မှဘဲ ရောဂါဖြစ်တာမရှိတော့ဘူးလို့ ပြောနိုင်တာကြောင့် ကိုဗစ်-၁၉ ရောဂါရဲ့ ရောဂါပျိုးချိန် ၂ ဆ၊ ၂၈ ရက်အတွင်း ရောဂါဖြစ်သူတစ်ယောက်တလေမှ မရှိတော့မှဘဲ ရောဂါဖြစ်တာ မရှိတော့ဘူးလို့ ယူဆနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဒီကပ်ရောဂါဟာ ကမ္ဘာမှာ အသစ်ဖြစ်ပြီး ရောဂါရဲ့ သဘောသဘာဝတွေကို အပြည့်အဝ မသိရသေးတာကြောင့် ရောဂါမဖြစ်တော့ဘူးလို့ ကောက်ချက်ချနိုင်တဲ့အခြေအနေကို ရောက်ရင်တောင်မှာ လုံးဝ လျှော့တွက်လို့ မရဘူးလို့ သတိပေးပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ရှုထောင့်ပေါင်းစုံက သုံးသပ်ပြီး တစ်ဆင့်ချင်း ဖြေလျှော့ပေးနေသလို ပြည်သူတွေ၊ အသွားအလာကန့်သတ်ခံရသူတွေအနေနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို အရှိန်မပျက်ဆက်ပြီးလိုက်နာဖို့နဲ့ လုံးဝ မပေါ့ဆကြဖို့လည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။
ဇွန်လ ၇ ရက် ည ၈ နာရီအထိမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၂ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-MOHS