ကလေးမြို့တွင် မိုးကြိုးစက်ကွင်းမိသဖြင့် နွား ၁၉ ကောင် သေဆုံး
DVB
·
June 7, 2020
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ငါးအုပ်စု ခွေကျိန်ရွာမှာ ဇွန်လ ၆ ရက်နေ့ည ၁၀ နာရီလောက်က မိုးကြိုးစက်ကွင်းမိပြီး နို့စားနွား ၁၉ ကောင် သေဆုံးတယ်လို့ ငါးဖားရွာ အုပ်ချုပ်ရေးမှူး ဇော်သန်းနိုင်က ပြောပါတယ်။
“မနေ့ည ဆယ်နာရီလောက်မှာ ဖြစ်တယ်။ သိတာကတော့ မနက် ခြံပိုင်က နို့ညှစ်မလို့ လုပ်တုန်း သိရတာ။ နွားခြံမီးထွန်းတဲ့ ဆိုလာကနေတဆင့် ကြိုးကနေ လျှပ်စီးထိတာလို့ ယူဆရတယ်။ ဘတ်ထရီအိုးတွေတော့ ကွဲတာပြုတာ မရှိဘူး။ ဆိုလာမီးကြိုးတွေတော့ ပြတ်တယ်။ အခြား ထိခိုက်မှုတော့မရှိဘူး။”
ကလေးနယ်အတွင်း အခုနှစ်အတွက် မိုးဦးကာလမှာ ခုလို မိုးကြိုးထိမှုဟာ ပထမဆုံးဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလပိုင်းတုန်းက ကလေးဝနယ်မှာလည်း ကျွဲသုံးကောင် မိုးကြိုးထိ သေဆုံးခဲ့ပါတယ်။
ကလေးမြို့ မိုးဇလအနေနဲ့တော့ ခုလိုမိုးကြိုကာလတွေမှာ လေပြင်းတိုက်မှုနဲ့ မိုးကြိုးအန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ နှစ်စဉ် အသိပေးနိုးဆော်ထားတယ်လို့ ခရိုင် မိုးဇလဦးစီး ဦးတင်စိုးက ပြောပါတယ်။
မိုးရွာချိန်မှာ လျှပ်စီးလက်နေချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို သတိထားကိုင်တွယ်ကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။
သေဆုံးနွား ၁၉ ကောင်ဟာ ကလေးနယ် ခွေကျိမ်ရွာက ဦးရခီး အပိုင်နွားတွေဖြစ်ပြီး နွားတွေသေဆုံးခဲ့မှုအတွက် ဘေးစီမံက ထောက်ပံပေးနိုင်ဖို့ စစ်ဆေးနေပါတယ်။ အဲဒီရွာဟာ အိမ်ခြေ ၁၈ အိမ်ရှိ နွားခြံလုပ်ငန်းအသက်မွေးတဲ့ရွာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်