မောင်တောမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ပြန်လာသူဖြစ်
DVB
·
June 4, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်ဟာ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းမှာ Quarantine ထားရှိသူ ၅ ဦးထဲက ၁ ဦးဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဒီကနေ့ ဇွန်လ ၄ ရက် မနက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။
အဆိုပါလူနာကို မောင်တောမြို့ပြည်သူဆေးရုံကြီး သီးသန့်လူနာဆောင်မှာ ထားရှိကုသပေးမှာဖြစ်ပြီး သူနဲ့ ထိတွေခဲ့သူတွေအားလုံးကိုလည်း Facility Quarantine အဖြစ်ထားရှိသွားမယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက ပြောပါတယ်။
"သူနဲ့ထိတွေ့ခဲ့သူတွေ အားလုံးကို Facility Quarantine အဖြစ်ထားရှိသွားမှာ ဖြစ်တယ်။ လူနာကတော့ လတ်တလောမှာ ကျန်းကျန်းမာမာပါရှိပါတယ်။ သူကိုတော့ မောင်တော ပြည်သူ့ ဆေးရုံကြီးရဲ့ သီသန့် အထူးအခန်းမှာထားရှိပြီး ကုသသွားမှာဖြစ်တယ်။"
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး မေလ ၃၀ နေ့လည် ၃ နာရီမှာ မိသားစုဝင် ၅ ဦးနဲ့အတူ ဦးရှည်းကျကျေးရွာသို့ တရားမဝင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၁ လရက်နေ့မှာ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရာက်ရှိလာခဲ့ကာ သူတို့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဘတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း- လင်းလက်