Homeမြန်မာသတင်း
ရန်ကုန်တွင် Quarantine ဝင်မည့်သူများအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးရန် တိုင်းအစိုးရ လျာထား
ရန်ကုန်တွင် Quarantine ဝင်မည့်သူများအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးရန် တိုင်းအစိုးရ လျာထား
ညီငယ်
·
June 3, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာ Quarantine ဝင်မယ့်သူတွေအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးစွဲဖို့ လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ အလှူရှင်တွေနဲ့ YRTA တို့ရဲ့ လှူဒါန်းမှုနဲ့ စုစုပေါင်း ကျပ်သန်း ၁၀၄၂၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ စာရင်းဇယားတွေအရသိရပါတယ်။
"ဒါတွေက အထွေထွေပိုလျှံ ရန်ပုံငွေက သုံးတာများပါတယ်။ အရင်ဘတ်ဂျက်က ပိုတဲ့ပိုက်ဆံတွေ ရှိတယ်။ အဲဒါတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြီး ပြန်သုံးတာပေါ့”လို့ ဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံလူတန်းစားပြည်သူတွေကို ထောက်ပံ့တာ၊ မျိုးစပါးအရန်ထားတာ၊ ဖောင်ကြီးက ကိုဗစ်-၁၉ ကုသရေးစင်တာတပ်ဆင်ဖို့ အောက်ဆီဂျင်စက် ဝယ်ယူတာ၊ ဆေးရုံသုံးပစ္စည်းတွေ အသုံးပြုဖို့ Online UBS ၂ လုံးတပ်ဆင်တာ၊ ကျန်းမာရေး စစ်ဆေးရေးယာဉ် Scania ၄ စီးပေါ်မှာ အလိုအလျောက်ကိုယ်အပူချိန်တိုင်းစက် ၄ စုံ တပ်ဆင်တာ၊ ကိုဗဏ်-၁၉ အသိအပညာပေးစာစောင်တွေ ရိုက်နှိပ်တာအတွက် စုစုပေါင်း ကျပ်သန်း ၅၅၃၆ သန်းကျော် သုံးစွဲခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ရိက္ခာ ၅ မျိုး ထောက်ပံ့မှုအတွက် ပြည်ထောင်စုဘဏ္ဍာရံပုံငွေက ကျပ်သန်း ၃၇၀၀၊ အလှူရှင်နဲ့ YRTA တို့က ကျပ်သန်း ၁၁၈၄ကျော် သုံးစွဲခဲ့တာကြောင့် စုစုပေါင်းကျပ်သန်း ၁၀၄၂၀ကျော် သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။
ရန်ကုန်မှာ Quarantine စင်တာ ၄၀ ကျော်ဖွင့်လှစ်ထားပြီး လက်ရှိမှာ ပြည်ပပြန်တွေကို အများဆုံး ထားတာဖြစ်ကြောင်း တချို့စင်တာတွေကတော့ အစိုးရအကူအညီတွေလက်ခံရပေမဲ့ လိုအပ်ချက်တွေရှိနေသေးတာကြောင့် အလှူရှင်တွေရဲ့ အထောက်အပံ့ ယူနေရဆဲဖြစ်ပါတယ်။