ပုသိမ်တွင် အခမဲ့လူထုအခြေပြုဆေးခန်းကို လူငယ်ဆရာဝန်များ ပူးပေါင်းဖွင့်လှစ်
DVB
·
June 2, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်မှာ ဇွန်လ ၁ ရက်နေ့က စတင်ကာ နေ့စဉ် အခမဲ့ပြသနိုင်မယ့်ဆေးခန်းကို လူငယ်ဆရာဝန်တွေ ပူးပေါင်းဖွင့် လှစ်လိုက်ပါတယ်။
ကိုဗစ်-၁၉ရောဂါကာလအတွင်း သာမန်ဖျားနာပြီး ဆေးခန်းပြသဖို့ အခက်အခဲဖြစ်နေသူ တွေနဲ့ ဆေးခန်းပြဖို့ ငွေကြေးအခက်အခဲဖြစ်နေသူတွေကို အဓိကကုသပေးသွားမှာဖြစ်တယ်လို့ ဆေးခန်းတာဝန်ခံ ဒေါက်တာ ခင်မောင်ထွေးက ပြောပါတယ်။
"အဓိက ဖျားနာတဲ့သူတွေကို အဓိကထားပြီး ကုသပေးသွားမယ်၊ နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်တာတွေကို ကုပေးမယ်၊ ဒါပြင် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ သံသယဖြစ်စရာတွေ ရှိလာရင် ကျနော်တို့က ပုသိမ်ပြည်သူ့ဆေးရုံကြီးနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်သွားမှာဖြစ်တယ်"လို့ ဒေါက်တာ ခင်မောင်ထွေးက ပြောပါတယ်။
လူထုအခြေပြုအခမဲ့ဆေးခန်းကို ပြည်သူ လူထုရဲ့ လှူဒါန်းမှုနဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး နာမကျန်းတဲ့ပြည်သူတွေအနေနဲ့ နေ့စဉ် မနက် ၉ နာရီမှ ၁၁ နာရီထိ ဆေးခန်းမှာ လာရောက် ပြသနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါဆေးခန်းကို ပုသိမ်မြို့က ရည်ရွယ်ချက်တူတဲ့ လူငယ်ဆရာဝန် ၁၀ ဦးက ပူးပေါင်းကာ ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆေးခန်းဖွင့်လှစ်နိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့၊ တိုင်းကျန်းမာရေးနဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတို့က ဆရာဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေထံ အကြံဉာဏ် ရယူပြီးမှ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် အချိန်ကာလအတွင်း သာမန်ဖျားနာတဲ့သူတွေအတွက် ပြင်ပဆေးခန်းတွေမှာ သွားရောက်ပြသဖို့အတွက် အခက်အခဲတွေ ရှိနေတာဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အခုဖွင့်လှစ်ခဲ့တဲ့ ဆေးခန်းဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ လူထု အခြေပြုအခမဲ့ဆေးခန်းလည်းဖြစ်ပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)