Home
မြန်မာသတင်း
အိန္ဒိယက ပြန်လာသူများထဲမှ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄ ဦးတွေ့ရှိ
DVB
·
June 1, 2020
မေ ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၈၀၀ ကျော်ကို ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄ ဦးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၇၃၄ ခု၊ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) က ဓာတ်ခွဲနမူနာ ၁၀၃ ခု၊ စုစုပေါင်း ၈၃၇ ခုတို့ကို စစ်ဆေးချက်အရ လူနာသစ် ၄ ဦး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ လူနာသစ် အမှတ် ၂၂၅၊ ၂၂၆၊ ၂၂၇ နဲ့ ၂၂၈ တို့ဟာ လှိုင်မြို့နယ်နေ အိန္ဒိယနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတွေ ဖြစ်ပါတယ်။ သူတို့ကို တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၈ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေမှာ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၃၈ ဦးရှိပါတယ်။ မေ ၃၁ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၂၇၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၇၈ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင်-၁,၀၀၀ က ဓာတ်ခွဲနမူနာ ၁၀၃ ခု၊ စုစုပေါင်း ၁,၅၆၀ ခုအား နှစ်သုတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024