ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်တွင် လူဦးရေ ၁၃၀၀ ခန့် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
May 28, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်ကြတဲ့ ဟိန္ဒူ အိမ်ထောင်စု ၁၂၀ ကျော် လူဦးရေ ၁၃၀၀ ကျော် သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
အမှတ် ၂ ရပ်ကွက်နေ ဒေါ်စိန်စိန်က "ကျမတို့ရွာမှာ လူဦးရေကများတယ်။ ဆင်ရဲ့ကြတယ်။ အဝီစိရေတွင်းက ၂ ခုသာရှိတယ်။ ရေတွင်းတခုလောက် တူးဖော်လှူဒါန်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
လူဦးရေ ၁၃၀၀ ကျော်အတွက် လက်ညှစ်ရေတုံကင်၂ လုံးသာရှိပြီး မနက် ၄ နာရီလောက်ကတည်းက တန်းစီပြီး အလှည့်ကျ စောင့်ခပ်နေကြရပြီး ရေတုံကင်တခုမှာလည်း ပျက်စီးနေတာကြောင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရပ်ကွက်နေ ဦးအဗွေမောင်က ပြောပါတယ်။
နွေရာသီရေရှားပါးချိန် အလှည့်ကျစောင့်ဆိုင်းနေချိန်အတွင်း ခိုက်ရန်ဖြစ်တာတွေလည်း ရှိတာကြောင့် ရေလုံလောက်စွာရ ရှိစေဖို့ ရေတွင်းအလှူရှင်တွေ လိုအပ်နေတယ်လို့ အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။
ရပ်ကွက်တာဝန်ခံ မော်ဒူးရွှေဒေါက "ကျနော်တို့က ရေရှားပါးတာကို သက်ဆိုင်ရာတွေလည်း တင်ပြထားတယ်။ ဘာမှ အကြောင်းမထူးဘူး။ အိမ်ခြေက ၁၀၀ ကျော်ရှိတယ်၊ လူဦးရေက ၁၀၀၀ ကျော်တယ်။ ရေတိုကင် ၂ ခုနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ နိုင်ငံတော်ကဖြစ်ဖြစ် နိုင်ငံတကာ အဖွဲ့တွေကဖြစ်ဖြစ် ရေတွင်းတခုလောက် တူးဖော်ပေးစေချင်ပါတယ်" လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့ အမှတ် ၂ ရပ်ကွက်ဟာ အခြား ရပ်ကွက်တွေထက် သောက်သုံးရေ အခက်အခဲ ကြုံနေကြရတာလို့ သိရပါတယ်။
DVB