ထိုင်းတွင် တောတွင်းမှိုသွားခူးသည့် မြန်မာ ၂ ဦး တောဆင်ရိုင်းတိုက်ခိုက်ခံရ
DVB
·
May 27, 2020
ထိုင်းနိုင်ငံမှာ တောထဲမှိုသွားခူးတဲ့ မြန်မာအမျိုးသား ၂ ယောက်ဟာ တောဆင်ရိုင်းတကောင် တိုက်ခိုက်ခံခဲ့ရလို့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ထောင်ဖာဖွန်ခရိုင်၊ ပေါင်နမ်ရွန်ဒေသ တောတွင်းတနေရာမှာ မနေ့က ဖြစ်ခဲ့တာလို့ ထောင်ဖာဖွန်အမျိုးသား ဥယျာဉ်တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအမျိုးသား ၂ ဦးရဲ့ အမည်ကိုတော့ အသက် ၃၅ နှစ်အရွယ် မောင်ထွန်းနဲ့ ၆၀ နှစ် အရွယ် မောင်ငယ်လို့ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပြီး တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် ရင်ဘတ်နဲ့ ခြေထောက်တွေမှာ အသီးသီး ဒဏ်ရာတွေ ရရှိသွားခဲ့ကြတာပါ။
အမျိုးသားဥယျာဉ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ရာနေရာကို ည ၉ နာရီခွဲ လောက်မှာ ရောက်ရှိသွားခဲ့ကြပြီး မောင်ထွန်းကို တောထဲကကယ်ထုတ်ကာ ထောင်ဖာ ဖွန်ဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အဲဒီနောက် မောင်ငယ်ကိုတော့ ည ၁၁ နာရီခွဲလောက်မှာ ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကတော့ ကျိုးသွားခဲ့ရပြီး ဖာဟွန်ဖောင်ဖာရူဟာဆေနာ ဆေးရုံဆီ ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ထောင်ဖာဖွန်အမျိုးသားဥယျာဉ်တာဝန်ရှိသူတွေက အနီးနားနေထိုင်ကြသူတွေကို ဟွေ့ခရန်နဲ့ ဘန်ရိုင်တောတွင်းက တောဆင်ရိုင်းအန္တရာယ်ကို ဂရုပြုနေထိုင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်နေခဲ့ရတာပါ။
အဆိုပါဒေသဟာ ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်တောတွင်းမှ တောဆင်ရိုင်း အုပ်စုတွေ မကြာခဏ လာရောက်လေ့ရှိတဲ့ နေရာလည်း ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။