မြန်မာ-ယန်စီကြေးနီစီမံကိန်း၌ လဲကျသေဆုံးခဲ့သည့်လုပ်သား ၁ ဦးတွင် ကိုဗစ်-၁၉ ပိုးမတွေ့
Aung Ko Latt
·
May 26, 2020
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာ-ယန်စီကုမ္ပဏီက လုပ်ကိုင်နေတဲ့ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းမှာ မေလ ၂၁ ရက်နေ့ မနက်အစောပိုင်းက လုပ်သားတစ်ဦး ရုတ်တရက် လဲကျသေဆုံးခဲ့ပါတယ်။
အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဟာ စစ်ဆေးချက်တွေအရ ဦးခေါင်းနောက်စေ့ သွေးထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာတွေ့ရှိရတဲ့အတွက် ရဲဆေးစာနဲ့ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ ရယူကာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ မေလ ၂၆ ရက်ထုတ်ပြန်ချက်အရ လဲကျသေဆုံးခဲ့သူမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကနေ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ ဖော်ပြထားပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းနိုင်က "ဆေးရုံက သုံးသပ်ချက်ရယ်၊ ရဲရဲ့သုံးသပ်ချက်ရယ်၊ မှုခင်းသုံးသပ်ချက်အရတော့ အဲလိုမဟုတ်ပါဘူး။ မဟုတ်ပေမယ့် ပတ်ဝန်းကျင်လည်း ရှိနေတာရယ် ကိုဗစ်ကာလဖြစ်နေတာရယ်ဆိုတော့ တာဝန်အရ စစ်ဆေးဖို့ လုပ်ထားတာပေါ့။"လို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။
သေဆုံးသူဟာ ရန်ကုန်ကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းဖြစ်ပါတယ်။