ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်၏ “မာကျူရီည” ဖျော်ဖြေပွဲအယ်လ်ဘမ် ထွက်မည်
DVB
·
May 25, 2020
ရော့ခ်စတား အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ “မာကျူရီည” တေးဂီတဖျော်ဖြေပွဲ အယ်လ်ဘမ်ကို လာမယ့် ဇွန်လဆန်းမှာ ဖြန့်ချိပေးသွားဖို့ ရှိနေပါတယ်။
EMG-Emperor Music Group ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ဒီအကြောင်းကို ဖျော်ဖြေပွဲပုံရိပ်တွေ ပါဝင်တဲ့ တေးသီချင်းစာအုပ်ပုံ၊ အယ်လ်ဘမ်ကာဗာပုံတွေနဲ့အတူ ကြော်ငြာထားခဲ့တာဖြစ်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။
“ချစ်ခင်လေးစားရပါသော မိတ်ဆွေများ အားလုံး ၁၉၈၀ တွေဆီ အလည်သွားဖို့ အဆင်သင့် ဖြစ်ပြီလား။ ဇွန်လဆန်းတွင် စတင်ထွက်ရှိပါမည်။ *Pre-Order တင်ထားနိုင်ပါသည်”
ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ အသက် ၅၆ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူလို့ အသိအမှတ်ပြုကြရပါတယ်။
အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်းထွဋ် ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေးအယ်လ် ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။
အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးပဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးတေးများအယ်လ်ဘမ်ကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။
ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေး တဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
ခုထွက်ရှိလာမယ့် အယ်လ်ဘမ်ကတော့ ရန်ကုန်မြို့၊ The Radio Bar မှာ ဖျော်ဖြေခဲ့ တဲ့ သီချင်းတွေကို စုစည်းထုတ်ဝေတာဖြစ်ပြီး သူ့ရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ အ ချစ်ရဲ့မိုး(မိုးခေါင်ရေရှားနှလုံးသား)၊ ရော့ယူလိုက်၊ ရှေ့ဆက်ရန်စဉ်းစားပါ၊ လာမယ်ဆို စောင့်မယ်၊ မာကျူရီည၊ ဆန့်ကျင်ဘက်ရလာဒ်၊ မဆွဲနဲ့မတားနဲ့၊ လမ်းသစ်၊ စက်ဝိုင်း၊ ရဲရဲ ရင်ဆိုင်၊ ချစ်သူနှစ်ယောက်နှင့်ကမ္ဘာကြီး၊ အဝေးမသွားနဲ့အချစ်ရယ်၊ ပျားရည်၊ အချစ် တစ်ခွက် အရက်တစ်ခွက်၊ အစမ်းသပ်ခံအသည်းနှလုံးစတဲ့ သီချင်းပုဒ်ရေ စုစုပေါင်း ၁၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။