အပူချိန်စံချိန်တင်ထားသည့် ချောက်မြို့တွင် သစ်ပင် ၄၀၀၀ စိုက်ပျိုးမည်
DVB
·
May 13, 2020
မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးဒေသဖြစ်တဲ့ မကွေးတိုင်း၊ ချောက်မြို့မှာ မြို့နယ်အပူချိန် လျှော့ချရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက သစ်ပင် ၄၀၀၀ အခုနှစ်မိုးရာသီအချိန်မှာ တိုးချဲ့စိုက်ပျိုးမယ်လို့ ကော်မတီက သိရပါတယ်။
အပူချိန်လျှော့ချရေးကော်မတီက ဦးမိုးကျော်က “မြို့က လုပ်ကိုင်ကူညီနေကျ အဖွဲ့တွေက ကိုဗစ်ကြောင့် လုပ်အားတွေက အဲဒီဘက်တွေ ရောက်နေတာ မအားတဲ့ကြားက ရေလောင်းဖို့ အချိန်ကို လုလုပ်နေရတာ ဒီနှစ်တိုးချဲ့ စိုက်ဖို့က အချိန်မီ ပြင်ဆင်ထားမှ မိုးအခါနဲ့ စိုက်နိုင်မှာ အခုတောင်မှ အောင်မင်္ဂလာ ဆရာတော်က သူ့တပည့်တွေနဲ့ ဦးဆောင်လုပ်ထားလို့ လိုအပ်တဲ့ငွေကအစ စိုက်လုပ်ထားလို့ ဒီလောက်ပြီးနေတာ ဒီနှစ် ၄၀၀၀ ဖြစ်အောင်စိုက်မှာ”လို့ ပြောပါတယ်။
ချောက်မြို့အတွင်း အပူချိန်လျှောချရေးအနေနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လ လလယ်ပိုင်းက တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နဲ့ ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေက အဖွင့်စိုက်ပျိုးပေးခဲ့ကြပါတယ်။
ဒီနောက် မြို့ရဲ့မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက် နေရာအသီးသီးမှာ စိုက်ခင်း၄ ခုခွဲထားပြီး စိုက်ခင်းနဲ့ အိမ်တွေမှာ စိုက်ပျိုးပေးထားတဲ့ အပင်ပေါင်း ၅၀၀၀ ကျော်ရှိပြီး ယခုလက်ရှိ ၈၀ ရာခိုင်နှုန်း အောင်မြင်နေတယ်လို့ သိရပါတယ်။
ချောက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့က အပူချိန် စံချိန် 47.1°စင်တီဂရိတ်နဲ့ စံချိန်သစ်တင်ခဲ့ပြီးနောက် အခုနှစ် မေလ ၈ ရက်နေ့မှာလည်း အပူချိန် စံချိန်သစ် 47.5°အထိ ဆက်လက်မြင့်တက်လာသလို ခုရက်ပိုင်းမှာလည်း နေစဉ်အပူချိန် 45° နဲ့ အထက်အမြဲရှိနေကြောင်း သိရပါတယ်။
ကိုလင်း(ချောက်)