Homeမြန်မာသတင်း
ဆားလင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ခဲ့သူ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ
ဆားလင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ခဲ့သူ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ
Aung Ko Latt
·
May 12, 2020
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာက ဒေသခံတက်ကြွလှုပ်ရှားသူ ဦးသက်နိုင်ဝင်းကို ဆားလင်းကြီးမြို့နယ်တရားရုံးကနေ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဒီကနေ့ မေ ၁၂ ရက်မှာ ထောင်ဒဏ် ၁ နှစ် အမိန့် ချမှတ်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေဘေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မြင့်ထွန်းကို ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးဟောင်းက ရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ၊ ဒီအမှုကို ၂ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးမှ အခုလို အမိန့်ချလိုက်တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရေဘေးကာလမှာ သက်ဆိုင်ရာက ထောက်ပံ့ပေးနေတဲ့အပေါ်မှာ အကူအညီမရသေးသူတွေလည်းရှိနေတဲ့အကြောင်း ဦးသက်နိုင်ဝင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းကို ပြိတ္တာကြီးနဲ့ ခိုင်းနှိုင်းကာ အမည်နဲ့တကွ ဝေဖန်ရေးသားခဲ့တာကြောင့် ဆားလင်းကြီးမြို့မရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့် တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။
အခုလို ထောင်ဒဏ်တစ်နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အပေါ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖိအားတွေပါဝင်နေတယ်လို့ ယုံကြည်ကြောင်း မိသားစုဝင်တွေနဲ့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဆားလင်းကြီးဒေသခံ ဦးဝင်းခိုင်က "ဒီလိုအမိန့်ချခံရတာက တရားမျှတမှုမရှိဘူး။ နောက်ကွယ်မှာ အရင်းရှင်တွေရဲ့ ဖိအားတွေပါတယ်လို့ မြင်တယ်။ ကျနော်တို့ထင်တာက ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် ဒီလောက်နဲ ပြီးမယ်ထင်တာ။ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ကို ပိတ်ပင်ခံရတာလို့ဘဲ မြင်တယ်။” လို့ ပြောပါတယ်။
ဦးသက်နိုင်ဝင်းဟာ လက်ပံတောင်းတောင် အပါအဝင် ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စောင့်ကြည့်ဝေဖန်တာတွေရှိတဲ့အတွက် နောက်ထပ်လည်း ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတာ ရှိနေပါသေးတယ်။
လက်ရှိမှာ တရားရုံးက အမိန့်ချပြီးဖြစ်တဲ့အတွက် ဦးသက်နိုင်ဝင်းကိုတော့ မုံရွာအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။ ဒီအမှုကိစ္စ အယူခံဆက်တက်မယ် မတက်ဘူးဆိုတာတော့ မသိရသေးပါဘူး။