Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စက်ရုံ ၃၀၀ နီးပါးပြန်ဖွင့်၊ စည်ကမ်းလိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမည်
Aung Ko Latt
·
May 12, 2020
စစ်ကိုင်းတိုင်းအတွင်း စက်ရုံပေါင်း ၃၀၀ နီးပါးပြန်ဖွင့်ခွင့်ပေးထားပြီး ညွှန်ကြားချက်လိုက်နာမှု ရှိ၊ မရှိကို ရှောင်တခင် ထပ်မံစစ်ဆေးသွားမယ်လို့ တိုင်းအစိုးရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ မြို့နယ်အလိုက် အဖွဲ့စုံက စစ်ဆေးနေပြီး သတ်မှတ်ညွှန်ကြားချက်နဲ့ ကိုက်ညီတဲ့ စက်ရုံ၊ အလုပ်ဌာနတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးနေတာပါ။ တိုင်းအတွင်းမှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၂၀၀၀ ကျော်ရှိတဲ့အထဲက ဧပြီ ၂၇ ရက်ကနေ  မေ ၁၁ ရက်အထိ  စိစစ်ပြီးစက်ရုံပေါင်း ၂၈၈ ရုံကို  ပြန်လည်ဖွင့်ခွင့်ပြုထားပြီး ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာမှုမရှိတဲ့  စက်ရုံတွေကိုတော့ ဖွင့်လှစ်ခွင့်မပေးသေးပါဘူး။ အခြေခံစားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို အဓိက ဦးစားပေး ဖွင့်ခွင့်ပေးနေကာ တတိယဦးစားပေးအနေနဲ့ ရေရှည်လုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်းလုပ်ငန်းတွေကို အစဉ်လိုက်ဖွင့်ခွင့်ပေးနေတယ်လို့ ဆိုပါတယ်။  စစ်ကိုင်းတိုင်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက Counter Check လုပ်ရမယ်ဆိုတာကိုလည်း ပြည်ထောင်စုကနေ လမ်းညွှန်ထားတာရှိပါတယ်။ အခုဖွင့်ခွင့်ပေးထားပြီးသား စက်ရုံ အလုပ်ရုံတွေက လည်ပတ်နေတဲ့အချိန်မှာပဲ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေပါဝင်တဲ့ အစိုးရအဖွဲ့တွေနဲ့ ပြန်ပြီးတော့ စစ်ဆေးတဲ့အခါမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုရင် စက်ရုံဖွင့်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားမှာ လို့ ပြောပါတယ်။ များသောအားဖြင့် စက်ရုံ အလုပ်ရုံတွေကိုပဲ လိုက်လံစစ်ဆေးနေသေးပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုတော့ ပါဆယ်စနစ်နဲ့ပဲ ရောင်းချခွင့်ပြုထားသေးပြီး ပြန်လည် ဖွင့်ခွင့်မပေးသေးပါဘူး။ မုံရွာမြို့က ညစျေးတန်းပိတ်ထားတာလည်း ၁ လခွဲဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။ ဒါတွေကိုတော့ ရေရှည်ပိတ်ထားလို့ မရတဲ့အတွက် သူများနိုင်ငံတွေမှာလည်း ပြန်ဖွင့်ခွင့်ပြုနေပြီ ဖြစ်လို့ ကျန်းမာရေးဌာနကသီးသန့် ညွှန်ကြားချက်တွေ ထုတ်ပြန်လာရင် ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ လတ်တလောမှာတော့ ရောဂါပိုးတွေ့သူ နည်းလာတဲ့အတွက် မုံရွာမြို့ပေါ်မှာတော့ ပုံမှန်နီးပါးအတိုင်း သွားလာလုပ်ကိုင်နေကြပြီး Mask တပ်သူတောင် အရင်ကထက် နည်းပါး နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024