ကြက်ခြေနီနေ့အထိမ်းအမှတ် မောင်တောမြို့ စျေးများတွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေး
DVB
·
May 8, 2020
မေ ၈ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဈေးတွေမှာ ဒီနေ့မနက်ပိုင်းက Mask တွေ အခမဲ့ဖြန်ဝေခဲ့ပြီး တပ်ဆင်အသုံးပြနည်း၊ Mask ပြုလုပ်နည်း၊ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်၊
မောင်တောမြို့နယ်ကြက်ခြေနီအသင်းက ဦးဆောင်ပြီး COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး လူထုအသိပညာပေးတာတွေ ပြုလု်ပခဲ့တယ်လို့ မောင်တော ကြက်ခြေနီအသင်း ဒုမြို့နယ်တပ်ဖွဲမှူး ကိုချစ်ထူးခိုင်က ပြောပါတယ်။
"မောင်တောမြို့ရှိစျေးတွေမှာ စျေးရောင်ချသူတွေနဲ့ စျေးဝယ်သူတွေမှာ နီးနီးကပ်ကပ်ရောင်းချဝယ်ယူနေကြတယ်။ Mask ဝတ်ဆင်ပြီးလာကြတာလည်း မတွေ့ရဘူး။ ဝတ်ဆင်မဲ့ အလေ့အထလည်း မရှိဘူး။ မြန်မာမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာနေသလို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တဖြည်းဖြည်း ရောဂါကူးစက်သေဆုံးမှု မြင့်တက်လာနေတယ်။ ဒါကြောင့် Mask Campaign လေးတခု ကမ္ဘာကြက်ခြေနီနေ့မှာ ပြုလုပ်ရတာဖြစ်ပါတယ်။"
မောင်တောမြို့ရှိ စျေးတွေမှာ ၃ ပေအကွာ၊ ၆ ပေ အကွာရောင်းချဖို့ စည်းကမ်းသတ်မှတ်ထားပေမယ့် ပြည်သူတွေ လိုက်နာမှု အားနည်းနေတယ်လို့ မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်ဥမ္မာစောက ပြောပါတယ်။
ကမ္ဘာကြက်ခြေနီနေ့အထိမ်းအမှတ် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးတာကို မောင်တောမြို့နယ်ကြက်ခြေနီအသင်းနဲ့အတူ မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လင်းလက်