ဒီးမော့ဆိုမြို့နယ်တွင် စိတ်ကြွဆေးသယ်လာသူ ၂ ဦးဖမ်းမိ
DVB
·
May 6, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး(တောင်)ရွာ ဒီးမော့ဆို-နမ့်မယ်ခုံ- မိုးဗြဲသွားကားလမ်းပေါ်မှာ မော်တော်ဆိုင်ကယ် စီးနင်းလာသူ အမျိုးသား ၂ ဦးထံကနေ စိတ်ကြွရှုးသွပ်ဆေးပြား ၁၈၂ ပြားကို မူးယစ်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
မနေ့ညပိုင်းက မိုးဗြဲဘက်မှ ဒီးမော့ဆိုဘက်သို့ ထက်ဝေ (ခ) ဖိုးဝ မောင်းနှင်ပြီး အာဒေးလတ် (ခ) အားလတ်ကေး လိုက်ပါလာသော Honda Wave -110 အမျိုးအစားဆိုင်ကယ်ကို ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာအာဒေးလတ် (ခ) အားလတ်ကေး လွယ်ထားတဲ့ အနက်ရောင် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာပါ။
စစ်ဆေးမေးမြန်းရာမှာ အဆိုပါဆေးပြားတွေကို ဒေါ်ဒူထန်ကျေးရွာအနီး တောစပ်မှာ ကယန်းလူမျိုး မောင်ဘိုးထံကနေ ဆေးပြား ၂၀၀ ပါ တထုတ်ကို ကျပ် ၉၅၀၀၀ နဲ့ ဝယ်ယူခဲ့ကြောင်းနဲ့ သူတို့နှစ်ဦး သုံးစွဲရောင်းချဖို့ သိုဝှက်သယ်ဆောင်လာတာလို့ ထွက်ဆိုပါတယ်။
ဒါကြောင့် သူတို့ကို ဒီးမော့ဆိုမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံကို ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်။