COVID-19 လူနာသစ် ၆ ဦး ယနေ့တွေ့ရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
May 4, 2020
ဒီကနေ့မေလ ၄ ရက်နေ့မှာ COVID-19 လူနာသစ် ၆ ဦးတွေ့ရှိတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။
မေလ ၁ ရက်နဲ့ မေလ ၂ ရက်နေ့ စစ်ဆေးမှုတွေအရ COVID-19 positive တစ်ယောက်မှမတွေ့ခဲ့ဘူး။ မေလ ၃ ရက်မှာ ၄ ယောက်နဲ့ ဒီကနေ့ မေလ ၄ ရက်နေ့မှာ ၆ ယောက်တွေ့ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ လုံးဝ ပေါ့လို့ မဖြစ်ဘူးဆိုတာ ကြားရ၊ ဖတ်ရ သူတွေ ငြီးငွေ့ရလောက်အောင်သတိပေး နေရတာပါလို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။
အဆိုပါလူနာသစ် ၆ ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးသလို လူနာသစ်ထပ်တွေ့တဲ့ သတင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
COVID-19 ရောဂါကို ထိန်းချုပ်ရေးမှာ လောလောဆယ် အထူးအလေးထားရမယ့် ကိစ္စကြီး ၂ ရပ်ရှိကြောင်းနဲ့ ကျန်းမာရေးအရ စစ်ဆေးပြီး ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကြား ရောဂါမပြန့်ပွါးရေးနဲ့ နယ်စပ်မှ ပြန်လာမယ့် အလုပ်သမားတွေ အကြား ရောဂါ မပြန့်ပွါးရေးတို့ဖြစ်တယ်လို့လည်းပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံတွေမှာလိုက်နာရမယ့် စည်းကမ်း၊ စည်းမျဉ်းတွေ၊ ပြည်တော်ပြန်တွေနဲ့ သက်ဆိုင်တဲ့အစီအစဉ်၊ စည်းကမ်းတွေ သေသေချာချာ ထုတ်ပြန်ထားပြီး အားလုံးက တိတိကျကျ လိုက်နာမယ်ဆိုရင် COVID-19 ရောဂါကို အောင်နိုင်မှာဖြစ်တယ်လို့ လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
ဓာတ်ပုံ-MOHS