ဓာတ်ခွဲနမူနာ ၃၇၈ ခု စစ်ဆေးချက်အရ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၃၇ ဦးရှိပြီ
DVB
·
May 3, 2020
မေ ၂ ရက်နေ့ညက ဓာတ်ခွဲနမူနာ ၃၇၈ ခုကို စစ်ဆေးရာမှာ COVID-19 ရောဂါပိုးမတွေ့ရဘဲ ရောဂါပိုးကင်းစင်သူ ၃၇ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ထားပါတယ်။
မေ ၂ ရက် ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ဓာတ်ခွဲနမူနာ ၃၂၀ ခုနဲ့ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၅၈ ခု၊ စုစုပေါင်း ၃၇၈ ခုကို စစ်ဆေးချက်အရ COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ စောင့်ကြည့်လူနာနဲ့ အသွားအလာ ကန့်သတ်ထားတဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေဖြစ်တဲ့ လူနာအမှတ် ၅၃၊ ၇၀၊ ၇၁၊ ၇၃၊ ၇၅ နဲ့ ၈၅ တို့ရဲ့ ဓာတ်ခွဲနမူနာတွေမှာ ၂ ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိတာကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာတွေထဲက ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၇ ဦးရှိပြီဖြစ်ပါတယ်။
ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇ ဦးကို သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
မေ ၃ ရက်နေ့ မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးရှိပြီး သေဆုံးသူ ၆ ဦး ရှိပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ ၁၁၈ ဦးအား သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုပေးနေပြီး အထူးကြပ်မတ်ကုသခန်းမှာ ကုသမှုခံယူနေသူ ၂ ဦး ရှိပါတယ်။
မေ ၁ ရက်ကနေ့ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာသစ် ၆၄ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။