ပုသိမ်မြို့က ရထားခရီးစဉ်များ ရောဂါထိန်းချုပ်နိုင်ချိန်မှ ပြန်ထွက်မည်
DVB
·
April 30, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဘူတာကနေ ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေကို COVID-19 ရောဂါကူးစက်မှုအခြေအနေတွေကြောင့် ယာယီရပ်နားထားတယ်လို့ ပုသိမ်ဘူတာရုံ တာဝန်ရှိသူက ပြောပါတယ်။
ပုသိမ်မြို့ကနေ ကြံခင်းမြို့အထိ လမ်းတလျှောက်ရှိမြို့နယ်တွေကို ပြေးဆွဲနေတဲ့ အမြန်ရထားနဲ့ လော်ကယ်ရထားပြေးဆွဲတဲ့ ခရီးစဉ်ကို ရပ်နားထားပြီး လက်ရှိအချိန်မှာ စာပို့ရထားသာ ပုသိမ်ဘူတာကို အဝင်အထွက်ရှိတော့တယ်လို့ ပုသိမ်ဘူတာရုံပိုင် တာဝန်ခံ ဦးသောင်းကျော်လွင်က ဒီဗွီဘီ ကိုပြောပါတယ်။
ပုသိမ်ဘူတာ ရုံပိုင်တာဝန်ခံ ဦးသောင်းကျော်လွင်က “အမြန်ရထားနဲ့ လော်ကယ်ရထား ခရီးစဉ်တွေကိုတော့ ရပ်နားထားတယ်၊ ပုံမှန် သင်္ကြန်ရုံးပိတ်ရက် ရပ်နားရင်းနဲ့ ခုရောဂါအခြေအနေ တွေကြောင့် ဆက်နားလိုက်ရတာပါ။ ပုံမှန်သွားတဲ့ ခရီးသည်ကတော့ သိပ်မရှိပါဘူး၊ ကုန်ရောင်း ကုန်ဝယ် လုပ်တဲ့သူတွေ လိုက်လာတာနဲ့ ပြန်တာမျိုးတွေပဲ ရှိတော့တယ်။ ကျန်တဲ့ သွားတဲ့ လာတဲ့ လူတွေတော့ သိပ်မရှိတော့ပါဘူး။”လို့ ပြောပါတယ်။
ပုသိမ်ကနေပြီးတော့ မနက် ၆ နာရီထွက်တဲ့ စာပို့ရထား ၁၈၅ အဆန်က ကြံခင်းမှာ ညအိပ် ပြီး ကြံခင်းကထွက်လာတဲ့ မနက် ၆ နာရီ ရထားကလည်း ပုသိမ်ဘူတာ မှာ ညအိပ် ရပ်နားတာဖြစ်ပါတယ်။
ရထားလိုင်းတွေ ရပ်နားလိုက်တဲ့အတွက် ခုအချိန်မှာ အခက်အခဲသိပ်မရှိပေမယ့် မိုးတွင်းဘက်ဆိုရင်တော့ အခက်အခဲရှိလာနိုင်တယ်လို့ ရထားစီးနင်းလိုက်ပါလာသူတွေက ပြောပါတယ်။
ကုန်အရောင်းအဝယ်လုပ်သူ ဒေါ်စိုးစိုးသူက “ခုချိန်ကတော့ သိပ်မသိသာပါဘူး၊ ဘာလို့ဆိုတော့ စီးတဲ့ ခရီးသည်နည်းသလို ကုန်တွေကလည်း နည်းသေးတယ်။ ခုအချိန်ဆိုတော့ သိပ်မသိသာဘူး။ စျေးကလည်း ခုယာယီစျေးလေး ပြန်ဖွင့်ပေးထားတော့ ရထားနဲ့ လိုက်လာပြီး ရောင်းချရတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ စျေးမရှိဘူးဆိုရင်တော့ မရောင်းရတော့ဘူးပေါ့။ ရထားနဲ့လိုက်လာပြီး လာရောင်းတဲ့သူတွေကလည်း စားဝတ်နေရေးအတွက် နိုင်ရုံလောက် ရောင်းကြတာပါ၊ အများကြီးမပါပါဘူး၊ မိုးတွင်း ကုန်စိမ်းထွက်ချိန်ဆိုရင်တော့ နည်းနည်းအခက်အခဲ ရှိလာနိုင်တယ်။”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲတာတွေကို ပိတ်ထားသလို ရေယာဉ်လိုင်းတွေ ပြေးဆွဲတာကိုလည်း အချိန်ပြောင်းလည်းသတ်မှတ်ထားပါတယ်။ ခုလို ရထားပြေးဆွဲတာလည်း ယာယီရပ်နားထားတဲ့အတွက် ကုန်တင်ကုန်ချအလုပ်သမားတွေအတွက် စားဝတ် နေရေးအခက်အခဲတွေရှိလာပါတယ်။
အရင်ကမိသားစု စားဝတ်နေရေးအတွက် တစ်နေ့တာ ထမင်းစရိတ် ကျပ် ၁၀၀၀၀ လောက် ရှာပေးနိုင်ခဲ့ရင် ကားလိုင်းတွေ၊ ရထားလိုင်းတွေ ရပ်နားပြီး သင်္ဘောလိုင်းတွေ အချိန်ပြောင်း လည်းပြေးဆွဲချိန်က စတင်ပြီး ခရီးသည်နဲ့ ကုန်ပါတာ နည်းလာလို့ တစ်နေ့ကို ၅၀၀၀ အောင် သင်္ဘောဆိပ်နဲ့ ရထားဆိပ်ကို အသွားအပြန်လုပ်ရင်း မနည်းရှာနေရတယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။
“တစ်နေ့ကို အရင်က တစ်သောင်းလောက်ရရင် ခုက ခေါက်ချိုးလောက်နည်းသွားတယ်။ ပိတ်တဲ့ရက်ကတော့ အလုပ်ရဘူးပေါ့။ ကြိုတင်လုပ်ကိုင်စုဆောင်းထားတာလေးတွေနဲ့ အဆင် ပြေအောင်စားနေရတယ်။ ခုအရင်ကလို တစ်နေ့ နှစ်စီးမရှိတော့ ကုန်ပါတာလည်း နည်းလာတာ ပေါ့။ ကမ်းနားသွားလိုက် ဘူတာလာလိုက်နဲ့ လုပ်ကိုင်စားသောက်ရတာပေါ့။ ကုန်နည်းတော့ သိပ်အဆင်မပြေတော့ဘူးပေါ့။”
ပုသိမ်မြို့က ထွက်တဲ့ စာပို့ရထားဟာ ကြံခင်းအထိသွားတဲ့လမ်းတွေရှိ ဘူတာတွေဖြစ်တဲ့ ဒါးက၊ ရေကြည်၊ အသုတ်၊ ယုံသလင်း၊ ခမောက်စု၊ ဟင်္သာတ၊ အင်္ဂပူ၊ မဲဇလီကုန်း၊ ထူးကြီး မြန်အောင်စတဲ့ဘူတာတွေမှာ ခေတ္တရပ်နားပေးတာမျိုးတွေရှိပြီး ရပ်နားထားတဲ့ အမြန်ရထားနဲ့ လော်ကယ်ရထားလိုင်းတွေကိုတော့ ရောဂါအခြေအနေတည်ငြိမ်လို့ ခရီးသွားယာဉ်လိုင်းတွေ ပြန်ဖွင့်တဲ့အချိန်ရောက်မှ ရထားလိုင်းတွေကိုလည်း ပြန်လည်ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)