မြောက်ဦးတွင် နယ်မြေခံ ရဲတပ်သား ၁ ဦး ဖမ်းဆီးခံရ
DVB
·
April 29, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား တဦးကို တုတ်၊ ဓားကိုင်ဆောင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က မြောက်ဦးမြို့ နယ်မြေခံရဲတပ်ရင်းက ရဲဒုတပ်ကြပ် တဦးနဲ့ရဲတပ်သားနှစ်ဦးတို့ဟာ မြောက်ဦးမြို့သို့ ဈေးသွားဝယ်ပြီး အပြန် ရတနာ့မာန်အောင်ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီး အရောက်မှာ တုတ်၊ ဓားကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ အေအေ ၈ ဦးက ဝန်းရံဖမ်းဆီးခဲ့လို့ ရဲတပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရဲတပ်သား ပြန်လည်ရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဧပြီ ၂၇ ရက် ညပိုင်းကလည်း မြောက်ဦးမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ စစ်ဆေးရေးဂိတ်ဟောင်း အဆောင်ကို အေအေအဖွဲ့က ခြင်ဆေးဘူးတွေနဲ့ ၆၀ မမ ဗုံးသီး ၁ လုံးတို့ကို အသုံးပြုပြီး မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့လို့ ပျက်စီးမှုရှိခဲ့တယ်လို့လည်း တပ်မတော်က သတင်း ထုတ်ပြန်ပါတယ်။
အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် အေအေဘက်ကတော့ ပြန်လည် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။