ထိုင်းတွင် အရေးပေါ်အခြေအနေကာလ ၁ လ ထပ်မံတိုးမြှင့်
DVB
·
April 27, 2020
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ရောဂါပြန့်ပွားမှု ရှိနေဆဲဖြစ်တာကြောင့် တနိုင်ငံလုံးအရေးပေါ်အခြေအနေကို ၁ လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စတင် ကြေညာထားရာမှ နောက်ထပ် ၁ လ တိုးမြှင့်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးဌာန နဲ့ ကျန်းမာရေးဝန်ကြီး ဌာန အဆိုပြုချက်ကို ဒီကနေ့မနက် ထိုင်းအစိုးရအိမ်တော်မှာ ကျင်းပတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုကော်မတီအစည်းအဝေးက သဘောတူလိုက်တာပါ။
အဆိုပါ အရေးပေါ်အခြေအနေတိုးမြှင့်ကာလကို လာမယ့် ၂၀၂၀ ခုနှစ် မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၁ လ သတ်မှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားက အစည်းအဝေးမှာ ပြောပါတယ်။
ဒါ့အပြင် အများပြည်သူဘေးကင်းလုံခြုံမှုနဲ့ လိုက်လျောညီထွေတဲ့ စီးပွားရေးလုပ်ငန်းတချို့ ပြန်ပြီးလည်ပတ်နိုင်ဖို့အတွက် Lock Down လုပ်ထားတဲ့နေရာတချို့လည်း ဖြေလျော့သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိထုတ်ပြန်ထားတဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကတော့ တည်ဆဲရှိနေပြီး ခရိုင်ကျော်ဖြတ်ခရီးသွားလ်တာ၊ လူစုလူဝေးပြုလုပ်တာတွေကိုလည်း တားမြစ်ထားဆဲပဲလို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့၊ မေလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဘုရင်နန်းတက်သောနေ့၊ မေလ ၆ ရက်နေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်နေ့ ကျရောက်တဲ့ လယ်ထွန်မင်္ဂလာနေ့ အခမ်းအနားတွေလည်း ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာ ၂၀၂၀ ဧပြီလ ၂၇ ရက်နေ့က ကိုဗစ် ၁၉ ကူးစက်ခံရသူ နောက်ထပ် ၉ ဦးတွေ့ရှိပြီး ဇန်နဝါရီလကုန်ပိုင်းကစ ဒီနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၂၉၃၁ ဦးရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူ ၅၂ ဦးရှိပြီး ပြန်လည်နေကောင်းသက်သာသူ ၂၆၀၉ ဦးရှိကာ လက်ရှိဆေးရုံမှာ တက်ရောက် ကုမှုခံနေသူ ၂၇၀ ရှိတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်၁၉ ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညားပါတယ်။
ကိုးကား-mgronline.com,khaosod.co.th