ချောက်တွင် ကုန်စည်ယာဉ်များကို မေ ၁ ရက်ကစ၍ ညအိပ်ညနေ ခွင့်မပြု
DVB
·
April 26, 2020
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ချောက်မြို့မှာ မေလ ၁ ရက်နေ့က စတင်ပြီး ကုန်စည်ပို့ဆောင်ရေးယာဉ်များကို ကုန်တင် ကုန်ချခွင့်သာပေးပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ညအိပ်ညနေ နေခွင့်မပြုတော့ဘူးလို့ သိရပါတယ်။
ရန်ကုန်၊ မန္တလေး အစရှိတဲ့ အခြားတိုင်းမြို့တွေကို သွားရောက်ပြီး ကုန်စည်တင်ဆောင်ကာ ပြန်လည်ရောက်ရှိလာတဲ့ ချောက်မြို့က ယာဉ်တွေနဲ့ အခြားမြို့တို့က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို မြို့အပြင် မိုလာကျေးရွာရှိ သားထဂူ ဘုရားဘုန်ကြီးကျောင်းမှာ စီစဉ်ပေးထားပြီး လူပိုတင်ဆောင်လာပါက ထိရောက်စွာ အရေးယူသွားမယ်လို့ မြို့ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ရွှက ပြောပါတယ်။
“မေ ၁ ရက်နေ့ စရောက်တယ်ဆိုရင် သူတို့ကို လက်မခံတော့ဘူး။ စည်းမျဉ်း၊ စည်းကမ်းနဲ့ ပြောပြီးပြီ၊ လူပိုလက်မခံဘူး။ လူပို ပါလာရင် အကုန် အရေးယူမယ်။ သူတို့နှစ်ယောက်ပဲ ကုန်ချပြီး အဲဒီမှာ သွားနေ၊ ကုန်စည်အထွက်ကတော့ ဘယ်လိုမှ လုပ်မပေးလို့ရဘူး။ ပြန်လာလို့ Quarantine ၂၁ ရက် ဝင်ရမယ်ဆိုရင် ဘယ်သူမှ မောင်းမှာလည်း မဟုတ်ဘူး။”
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက “ကျနော်တို့ အစီအစဉ်မဟုတ်ဘူး။ ယကက (မြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်များ စနစ်တကျကြီးကြပ်ရေး) ကနေပြီးတော့ ယာဉ်လုပ်ငန်းရှင်ကြီးများရဲ့ ဆန္ဒအရ ကုန်စည်ပို့ဆောင်ရေးကတော့ တစ်ရက် နှစ်ရက် နောက်ပိုင်းက စပြီး ပြန်လာတဲ့ ယာဉ်မောင်းတွေကို သီးခြားနေရာ ချထားပြီးတော့ ဆောင်ရွက်ကြမယ်ပေါ့” လို့ ပြောပါတယ်။
ချောက်မြို့ခံ ကုန်တင်ယာဉ် ယာဉ်မောင်းနဲ့ ယာဉ်နောက်တွေကို ပြန်လည် ဆိုက်ရောက်ချိန်တိုင်း ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး စားရေးကိုတော့ ယာဉ်ပိုင်ရှင်တွေက တာဝန်ယူ ကျွေးမွေးတာတွေ ဆောင်ရွက်သွားမယ်လို့ ယာဉ်ကြီးကြပ်ရေး ကော်မတီက သိရပါတယ်။
Five Brothers ကုန်စည်ပို့ဆောင်ရေးပိုင် ကိုထွန်းထွန်းဝင်းက “သူတို့ကသာ ဒီလိုလုပ်တာ ရက် ၂၀ လောက်စာ ပြောတာလေ။ ကျနော့်အမြင်မှာတော့ မကလောက်ဘူး မြင်တယ်။ နိုင်ငံတကာကတောင် မပြောနိုင်ဘူးဖြစ်နေတာ။ ကျနော်တို့မြို့လေးက ဘာသွားပြောနိုင်မလဲ” လို့ ပြောပါတယ်။
COVID-19 ရောဂါ ဖြစ်ပွားချိန်ကာလဖြစ်နေသောကြောင့် ကုန်စည်မော်တော်ယာဉ်မောင်းတွေ နည်းသွားပြီး ရှာဖွေရာဖို့ အခက်အခဲများစွာရှိတယ်လို့ မြို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။
မကွေးတိုင်းအစိုးရအဖွဲ့က တိုင်းအတွင်း တခြားနေရာတွေ သွားလာလုပ်ကိုင်နေသူတွေအား မြို့နယ်ကျေးရွာတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ဆောင်ရွက်တာ မပြုလုပ်ဖို့နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို နယ်မြေကျော် ခရီးသွားလာပြီး ပြန်လည်ရောက်ရှိသူတွေကိုသာ သတ်မှတ်နေရာတွေမှာ Facility Quarantine ၂၁ ရက်ထားရှိပြီးမှ နေအိမ်တွေမှာ နေထိုင်စေဖို့ ညွန်ကြားထားပါတယ်။
ကိုလင်း(ချောက်)