ခပ်ခွာခွာနေရန် သတိပေးသည့်လက်ပတ် ဘယ်လ်ဂျီယံကုမ္ပဏီ တီထွင်
DVB
·
April 23, 2020
တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ သတိပေးမယ့် လက်ပတ်တွေကို ဘယ်လ်ဂျီယံ နည်းပညာကုမ္ပဏီ တစ်ခုက တီထွင်လိုက်ပါပြီ။
အဲဒီလက်ပတ်တွေကို လာမယ့်လမှာ အန့်တ်ဝါ့ပ် ဆိပ်ကမ်းလုပ်သားတွေနဲ့စတင် စမ်းသပ် သွားမယ်လို့ ကုမ္ပဏီက ဧပြီလ ၂၂ ရက်မှာပြောလိုက်ပါတယ်။
လက်ပတ်နာရီနဲ့ ခပ်ဆင်ဆင် အဲဒီလက်ပတ်တွေက ကိုယ့်နားကို ကားရောက်လာတာ ၊ တစ်ယောက်ယောက် ရေထဲကျသွားတဲ့ အခါမျိုးမှာ အလုပ်သမားတွေကို သတိပေးတာမျိုး လုပ်ပါတယ်။
မကြာခင်က တပ်ဆင်တဲ့ နည်းပညာသစ်ဟာ အလုပ်သမား တစ်ယောက်နဲ့ တစ်ယောက် ၅ ပေ အကွာအဝေး ရောက်တဲ့အခါ သတိပေးပြီး သတ်မှတ်အကွာ အဝေးမှာ နေအောင် ကူညီပေးပါတယ်။
တစ်စုံတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ဒီဆော့ဖ်ဝဲလ်သစ်က သူနဲ့ ဆက်စပ်သူ တွေကို ခြေရာခံပေးနိုင်မယ်လို့လည်း တီထွင်သူတွေက ယုံကြည်နေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အလုပ်ခွင်အတွင်း အဲဒီလူနဲ့ တခြား ဘယ်သူ အတူရှိခဲ့လဲဆိုတာကို ကုမ္ပဏီနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခြေရာခံနိုင်မှာပါ။
အလုပ်သမား ၆၀၀၀၀ ခန့် အလုပ်လုပ်တဲ့ အန့်တ်ဝါ့ဝပ်ဆိပ်ကမ်းမှာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်ကတည်းက အဲဒီလက်ပတ်တွေကို စမ်းသပ်အသုံးပြုနေပြီး မေလအစောပိုင်းမှာ ခပ်ခွာခွာနေရေး လုပ်ဆောင်ချက်ပါဝင်တဲ့ အပ်ပလီကေးရှင်း စမ်းသပ်အသုံးပြုနိုင်အောင် တိုးချဲ့ ထည့်သွင်းသွားမယ်လို့ ကုမ္ပဏီ စီအီးအို ရွမ်းဘစ်က ပြောပါတယ်။