မိုးသက်လေပြင်းကြောင့် ရွှေဘိုခရိုင်တွင် နေအိမ် အဆောက်အအုံ ၁၀၀ ခန့် ပျက်စီး
Aung Ko Latt
·
April 22, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်မှာ ဧပြီလ ၂၁ ရက်နေ့က မိုးသက်လေပြင်းကျပြီး နေအိမ်တွေအပါအဝင် အဆောက်အအုံပေါင်း ၁၀၀ လောက် ထိခိုက်ပျက်စီးသွားပါတယ်။
ဝက်လက်မြို့နယ်အတွင်းက ရွှေဒါး၊ နှမ်းကြီးကုန်း၊ တကောင်းဒေါင့်၊ ဖွတ်လှိုင်း၊ လှတွေ၊ မောက္ကဒီး၊ ကျောက်ကုန်းနဲ့ လှည်းဦးကြီး စတဲ့ကျေးရွာ ၈ ရွာမှာ မိုးသက်လေပြင်းကြောင့် လူနေအိမ်အဆောက်အဦး ၇ လုံးပြိုကျခဲ့ပြီး ၃၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စာသင်ကျောင်း ၂ ကျောင်းလည်းထိခိုက်မှုရှိခဲ့သလို တခြားအဆောက်အအုံ ၉ လုံးပြိုကျကာ ၈ လုံး ထိခိုက်ခဲ့ပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်က အင်ပင်၊ ပေါက်တော၊ ညောင်လှ၊ မရကန် စတဲ့ကျေးရွာ ၁၃ ရွာက နေအိမ် ၃၃ လုံးအမိုးလန် ပျက်စီးခဲ့ကာ ပြိုကျတာတော့ မရှိခဲ့ပါဘူး။
ဒီပဲယင်းရဲစခန်းက ဓာတ်တိုင်ကျိုးကျတာတွေအပါအဝင် တခြားကျေးရွာ ၃ ရွာက စာသင်ကျောင်း ၃ ကျောင်းလည်း အမိုးလန်တာ၊ သစ်ပင်ပိတာတွေ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး ကျပ် ၂၈ သိန်းကျော် ထိခိုက်ဆုံးရှုံးသွားပါတယ်။
လေဘေးသင့်ကျေးရွာတွေကို သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ နယ်မြေ မီးသတ်စခန်းတွေက ရှာဖွေကယ်ဆယ်ရေးတွေ သွားရောက်ကာ ရှင်းလင်းဖယ်ရှားပေးခဲ့ကြပါတယ်။
ဝက်လက်မြို့နယ်က နေအိမ်ပြိုကျသူတွေကိုတော့ နေစရာအတွက် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေမှာ ယာယီခိုလှုံနိုင်ရေး စီစဉ်ပေးထားပါတယ်။
မိုးသက်လေပြင်းကြောင့် ရွှေဘိုခရိုင်အတွင်းမှာ လူနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ခရိုင်မီးသတ်ဦးစီးဌာနရဲ့ သတင်းတွေအရ သိရပါတယ်။
ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် ရွှေဘိုခရိုင်အတွင်းက မြို့နယ်တွေတင်မက တခြား တိုင်းဒေသကြီးတွေက မြို့နယ်တွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဧပြီလအတွင်း စစ်ကိုင်းတိုင်းမှာ မိုးသက်လေပြင်း ကျရောက်မှုက ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မိုးရွာမယ့် သတိပေးချက်တွေကို ထုတ်ပြန်ပေးထားသလို မိုးသက်လေပြင်းအန္တရာယ် သတိထားကြဖို့ကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ အသိပညာပေး လုပ်ဆောင်နေပါတယ်။