တမူးမြို့နယ်တွင် လွတ်ငြိမ်းခွင့်ဖြင့်ပြန်လွတ်လာသူ ၁ ဦး ထောင်ဒဏ် ၃ လချမှတ်ခံရ
DVB
·
April 21, 2020
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူတဦးက သူ့ဇနီးရှိတဲ့ Quarantine အခန်းထဲကို ဝင်ရောက်ခဲ့တာကြောင့် ထောင်ကလွတ်ပြီး ၃ ရက်အကြာမှာ ထောင်ဒဏ် ၃ လ ချမှတ်ခံလိုက်ရတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။
တမူးမြို့နယ်၊ ခမိတ်ကျေးရွာနေ ဒေါ်ခင်စန်းမူဟာ ဧပြီ ၁၅ ရက်မှာ မန္တလေးမြို့ကနေ ခမိတ်ရွာကို ပြန်ရောက်လာတာကြောင့် COVID-19 ရောဂါ ကာကွယ်၊ စောင့်ကြည့်ရေးအတွက် ခမိတ်ကျေးရွာ၊ အလယ်တန်းကျောင်းမှာ ဖွင့်ထားတဲ့ Quarantine နေရာမှာ စောင့်ကြည့်ခံနေခဲ့ပါတယ်။
ဧပြီ ၁၇ ရက်မှာတော့ အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးကျော်လင်း ရောက်လာပြီး ကျောင်းထဲကို ခွင့်ပြုချက်မတောင်းဘဲ ဝင်ခဲ့သလို ဇနီးဖြစ်သူ ဒေါ်ခင်စန်းမူရဲ့ Quarantine အခန်းထဲကို အတင်းဝင်ရောက်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တာဝန်ထမ်းဆောင်နေသူတွေကို တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့တာကြောင့် ခမိတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာဆီကို သတင်းပေးပို့ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အသက် ၄၆ နှစ်အရွယ် ဦးကျော်လင်းကို တမူးမြို့နယ် ပြည်သူ့ကျန်းမာရေဦးစီးဌာန၊ ကျန်းမာရေးမှူး(၁) ဦးတင့်လွင်က တရားလိုလုပ်ပြီး ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ (၁၈) နဲ့ တမူးမြို့နယ်တရားရုံးကို ဧပြီ ၂၀ ရက်မှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
ဦးကျော်လင်းကလည်း အပြစ်ရှိတာကို ဝန်ခံတာကြောင့် ထောင်ဒဏ် ၃ လကျခံစေဖို့ အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း အစိုးရက ထုတ်ပြန်ပါတယ်။