အေအေ တပ်စွဲထားသည့် ပလက်ဝရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းကို တပ်မတော် ပြန်သိမ်းပိုက်
DVB
·
April 21, 2020
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ အေအေအဖွဲ့ သိမ်းယူထားတဲ့ ဆက်သွယ်ရေးတာဝါတိုင် တောင်ကုန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၀ ရက်က ကြေညာပါတယ်။
အေအေအဖွဲ့ဟာ ပလက်ဝမြို့ရဲ့ အရှေ့တောင်ဘက်မီတာ ၆၀၀၀ ခန့်အကွာရှိ ကျောက်တော်-ပလက်ဝကားလမ်းနဲ့ ဆမီး-ပလက်ဝ ကားလမ်းတို့ကို စိုးမိုးထားပြီး မြန်မာ့ဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်ထားတဲ့ တောင်ကုန်းအား သိမ်းပိုက်ထားသလို ဆက်သွယ်ရေးမြောင်းတွေနဲ့ ပစ်ကျင်းတွေ တူးကာ နေရာယူပြီး ပလက်ဝမြို့အား အဆက်အသွယ် ဖြတ်တောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၄ ရက်မှာ အဆိုပါတောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက အဆင့်ဆင့် ခြေကုပ်ရယူတိုက်ခိုက်ခဲ့ရာမှာ အေအေတပ်ဖွဲ့တွေဟာ ခုခံနိုင်စွမ်းမရှိဘဲ ဧပြီ ၁၅ ရက်မှာ ဆက်သွယ်ရေးတာဝါတိုင်နဲ့ စက်ပစ္စည်းတွေကို ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါတိုက်ပွဲမှာ နှစ်ဖက် သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ သတင်းမှာ ထည့်သွင်း ဖော်ပြခြင်း မရှိပါဘူး။
အစိုးရက အေအေအဖွဲ့ကို မတရားအသင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အတွက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေပါတယ်။