ဧရာဝတီတိုင်းက ခရီးသွားယာဉ်လိုင်းအားလုံး ဧပြီလကုန်အထိ ပိတ်
DVB
·
April 20, 2020
ဧရာဝတီတိုင်းကနေ အခြား တိုင်းနဲ့ ပြည်နယ်တွေကို ခရီးသွားလာတဲ့ယာဉ်လိုင်း အားလုံးကို ဧပြီလကုန်အထိ ပိတ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက တာဝန်ရှိသူက ပြောပါတယ်။
ခရီးသွားယာဉ်လိုင်းတွေကို ပထမ ၂၀ ရက်နေ့အထိ ပိတ်ထားရာမှ ဧပြီ ၁၈ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ၃၀ ရက်နေ့ထိပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ပြောပါတယ်။
“အကြောင်းကြောင်းနဲ့ အလုပ်အတွက် သွားရမယ့်သူတွေရှိရင် မြို့နယ် မစကနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ပြောထားတယ်၊ မြို့နယ်အလိုက် စီစဉ်ခိုင်းထားတယ်၊ လကုန်အထိ ပိတ်ထားဖို့ကိုတော့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်တာ၊ သင်္ဘောလိုင်းတွေတော့ မပါဘူး” လို့ ပြောပါတယ်။
ခရီးသည်တင်ယာဉ်လိုင်းတွေကို ၁၀ ရက်နေ့က ၃၀ ရက်နေ့ထိ ပိတ်မှာဖြစ်ပေမယ့် ကုန်တင် ယာဉ်တွေနဲ့ အိမ်စီးကားတွေကိုတော့ သွားလာခွင့်ပြုမှာဖြစ်ပြီး အိမ်စီးယာဉ်တွေကို ယာဉ်မောင်းဖြစ်သူ အပါအဝင် ၇ ဦးထက်ကျော်လွန်ရင် သွားလာခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ပိတ်ထားတဲ့အချိန်ကာလမှာ ခရီးသွားလာမဲ့ အိမ်စီးကားတွေနဲ့ ကုန်တင်ကားတွေ သွားလာ ဖို့အတွက် တိုင်းကျော်ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံ ချက် လိုအပ်မှာဖြစ်ပြီး တိုင်းအတွင်း ခရီးသွားလာမယ်ဆိုရင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်လိုအပ်မှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းပြင်ပက မြို့ကြီး ၁၃ မြို့ကို ဆက်သွယ် ပြေးဆွဲတဲ့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်း ၄၆ လိုင်းရှိပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း ၃၃ မြို့ကို ဆက်သွယ်ပြေးဆွဲတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ၆၁ လိုင်းနဲ့ မော်တော်ယာဉ်စီးရေ ၂၀၀ ကျော်နီးပါး ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ခရီးသွားယာဉ်လိုင်းတွေကို ဧပြီလကုန်အထိ ပိတ်ထားခဲ့သလို တန်ခိုးကြီး စေတီဘုရားတွေ ဖူးမြော်ခွင့်ကိုလည်း ဧပြီလကုန်ပိုင်းအထိ တိုးမြှင့်ပိတ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)