မကွေးတိုင်း၌ ၉ ရက်အတွင်း လေပြင်းတိုက်ခတ်မှု ၁၁ ကြိမ်ဖြစ်ပွား
DVB
·
April 19, 2020
မကွေးတိုင်း၊ မြို့နယ် ၉ မြို့နယ်မှာ ဧပြီလ ဒုတိယပတ်အတွင်း လေပြင်းတိုက်ခိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မင်းတုန်း၊ ကံမ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တာ ၁၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
လေပြင်းဘေးကျရောက်တဲ့အတွက် လူနေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့ပြီး တစိတ်တပိုင်း ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ၂၇၅ လုံးနဲ့ ဘာသာရေး အဆောက်အအုံ ၁ လုံး ပျက်စီးခဲ့ပါတယ်။
လေဘေးသင့်ပြည်သူတွေအတွက် ဆန်ဖိုးငွေ ၂၃ သိန်း ၇ သောင်းကျော်နဲ့ အိမ်ဆောက်ပစ္စည်းဖိုး ၆၂ သိန်းကျပ်၊ စုစုပေါင်း ၈၅ သိန်းကျော် ထောက်ပံ့ပေးထားတယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း မကွေးမြို့နယ်အတွင်းကကျေးရွာပေါင်း ၂၀ ရွာမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၂၀၀ ကျော်လောက် ပျက်စီးခဲ့ပါတယ်။ လူဦးရေ ၉၉၀ လေဘေးသင့်ခဲ့တာကြောင့် ထောက်ပံ့မှုတွေပြုလုပ်ထားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
မင်းထီး